မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ မြဝတီ စင်တာမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထား သော ဧည်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်လွင်က နှုတ်ခွန်းဆက် မုဒိတာ စကား ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခွင့်ရ၍ ကြည်နူးဝမ်းမြောက်မိပါကြောင်း၊ ၁၉၄၆ ခုနှစ် မတ် ၈ ရက်သည် ရုပ်ရှင်နှင့်ပြဇာတ် စတင်ပေါ်ပေါက်ခဲ့သော နေ့ရက်ကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ မွေးနေ့အဖြစ် ယနေ့တွင် စတင်ကျင်းပခြင်းသည် ကောင်းမွန်သော အစဉ်အလာကောင်း တစ်ခုဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသည် ငွေရတု ကာလဖြစ်သော ၁၉၄၆ ခုနှစ်မှ ၁၉၆၉ ကာလအထိ၊ ရွှေရတုကာလဖြစ်သော ၁၉၆၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ၊ စိန်ရတု ကာလဖြစ်သော ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိနှင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရုပ်ရှင်ရာပြည့်အခမ်းအနားတို့ကို ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာ့ရုပ်ရှင် လောက သားများ၏ စည်းလုံးညီညွတ်မှုစွမ်းအားနှင့် ရုပ်ရှင်ဖြင့်တိုင်းပြည်နှင့်လူမျိုးကို အလုပ်အကျွေးပြုခဲ့မှု၏ မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာတွေ့မြင်ရပါကြောင်း၊ မြန်မာ့ရုပ်ရှင်ဖြတ်သန်ခဲ့မှုသည် ၇၈ နှစ်သို့တိုင် ရောက်ရှိခဲ့ပြီဖြစ်ပြီး ရုပ်ရှင်သည် ပြည်သူ့ အတွက်ဟူသော ဆောင်ပုဒ်နှင့်အညီ ရုပ်ရှင်လောကသားများအချင်းချင်း စည်းလုံး ချစ်ကြည်မှုနှင့် နိုင်ငံတော်ကို အကျိုးပြုခဲ့သည့် အစဉ်အလာကောင်းတို့သည် လေးစားဂုဏ် ယူဖွယ်ဖြစ်ပါကြောင်း၊ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိုခါမုန်တိုင်း ထောက်ပံ့ကူညီမှုတွင်လည်း အနုပညာရှင်များ၏ တစ်တပ်တအား ပူးပေါင်းဆောင်ရွက်ခဲ့မှုသည် နိုင်ငံအကျိုးနှင့် ပြည်သူ့အကျိုး အဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရပါ ကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နှင့် မီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပြီး ရုပ်ရှင်အစည်းအရုံးနှင့် လောကသားများကို ယုံကြည်အားကိုးပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။ နိုင်ငံတော်အကြီးအကဲက ရုပ်ရှင်လောကသားများ ပြန်လည်ရှင်သန်နိုင်ရန် လမ်း ညွှန်မှုနှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်က မြန်မာ့ရုပ်ရှင်၏ စည်းလုံးညီညွတ်ခဲ့မှုကို ထိန်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မြန်မာ့ ရုပ်ရှင် အစည်း အရုံးဖြစ်ပေါ်လာပုံနှင့် မြန်မာ့ရုပ်ရှင်အစည်းအရုံး အဆောက်အဦများပေါ်ထွန်းရန် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ပုဂ္ဂိုလ်များ၊ အစည်းအရုံးဝင်များနှင့် အနုပညာရှင်များအား မှတ်တမ်း တင်ဂုဏ်ပြုစကားများ ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှကြီးမှုးကျင်းပသည့် ရုပ်ရှင်ဇာတ် လမ်းတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ စီစစ်ရွေးချယ်အဖွဲ့အတွင်းရေးမှူး ဒါရိုက်တာ ဦးဇော်မြင့်ဦးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆုရရှိသည့် ဇာတ်လမ်းတို ၁၀ ကားအား ဦးနှင်းမိုး၊ ဦးဇော်မင်းနှင့် ဦးရန်အောင်တို့က ဂုဏ်ပြုအထူးဆုများ ပေးအပ် ချီးမြှင့်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ (၇၈)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက စကားဝိုင်းအဖြစ် ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Dragon Ball Anime ဖန်တီးရေးသားသူကွယ်လွန်
Next post နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများရဲ့ အင်အား ကိုပါရယူပြီး လိုအပ်တဲ့ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေး ရမှာ ဖြစ်ကြောင်း နစက ဉက္ကဋ္ဌ ပြောကြား