ရဲအယောင်ဆောင်ကာ ဓားပြတိုက်နေသည့် မြို့နယ် ရွေး/ကော် ဒုဦးစီးမှူး ခေါင်းဆောင်သည့် အဖွဲ့အား ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရဲအယောင်ဆောင်ကာ ဓားပြတိုက်နေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး ခေါင်းဆောင်သည့် အဖွဲ့အား ယမန်နေ့ ညက ဖမ်းမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ ည ၁၁ နာရီခန့်က တာချီလိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုဦးစီးမှူးနေထိုင်ရာ မယ်ခေါင်ရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင်ကော်မရှင်ရုံးအိမ်ယာဝန်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဓားပြတိုက်ရာတွင် ဦးဆောင်သူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး ကိုအေးကိုကိုဦး ဆိုသူနှင့် အတူ အမျိုးသားငါးဦးအား လူစုဝေးလျက် အနေအထားဖြင့် ဓားပြတိုက်ရာတွင် အသုံးပြုသော လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

” သေနတ်၊ ဓား၊ ကျည်တွေနဲ့ ကားနှစ်စီး၊ ရဲယူနီဖောင်း၊ ပြည်သူ့စစ်ယူနီဖောင်းတွေနဲ့ အတူ ဖမ်းမိတာပါ။ ဆက်လက်စစ်ဆေး နေပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ဖမ်းဆီးရမိသူ ခြောက်ဦး၏ ထွက်ဆိုချက်အရ ဆေခမ်း ရပ်ကွက်နေ အမျိုးသားတစ်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တူရကီနိုင်ငံထုတ် ပစ္စတိုတစ်လက်နှင့် ကျည်အချို့အား တွေ့ရှိ၍ ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် တပ်နှင့်ရဲတပ်ဖွဲ့ အယောင်ဆောင်၍ လက်နက်ခဲယမ်းကိုင်ဆောင်ကာ ဓါးပြတိုက်မှုများ မကြာခဏ ကျူးလွန်နေသောကြောင့် စောင့်ကြည့်ကာ စုဝေးဆွေးနွေးသည့် အချိန်ကို စောင့်ဖမ်းခြင်းဟု တာချီလိတ်ခရိုင်ရဲ တပ်ဖွဲ့မှူးက ပြောကြားသည်ဟု သိရသည်။ ဖမ်းဆီးရမိသူ ခုနစ်ဦးအား အမှုဖွင့်လှစ်ထားကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဩစတေးလျနိုင်ငံထုတ် STEYR M9 A1 ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ COLT အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ USA နိုင်ငံထုတ်၊ M4 A1 CarvineM-320461 သေနတ်တစ်လက်နှင့် ကျည်အိမ်နှစ်ခု၊ ပွိုင့် ၂၂ သေနတ်အရှည်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၅၉ တောင့်၊ ၉ မမ ကျည် ၂၀ တောင့်၊ ၃၈ ကျည် ၉ တောင့်၊ ၂၂ ကျည် ၄ တောင့်၊ သေနတ်အိတ် ၃ ခု တို့ကိုလည်းကောင်း၊ လည်ရှည်ဖိနပ်အနက်ရောင်တစ်ရံ၊ လည်တိုရှူးဖိနပ်နှစ်ရံ၊ ဓားရှည်တစ်ချောင်း၊ နံပါတ်တုတ်တစ်ချောင်း၊ ခါးပတ် (အနက်ရောင်) ငါးချောင်း၊ စကားပြောစက်တစ်လုံး၊ ရဲယူနီဖောင်းအင်္ကျီသုံးထည်နှင့် ယူနီဖောင်းဘောင်းဘီတစ်ထည်၊ တာလေပြည်သူ့စစ်ယူနီဖောင်းတစ်စုံ၊ စစ်စိမ်းရောင်ယူနီဖောင်း (ဘက်တံဆိပ်မပါ) တစ်စုံ၊ ပြောက်ကျားယူနီဖောင်းနှစ်စုံ၊ USA တံဆိပ်ပါ ပြောက်ကျားယူနီဖောင်းနှစ်ထည်၊ အနက်ရောင်ဘောင်းဘီရှည်တစ်ထည်၊ အပြာရောင် ပြောက်ကျားအနွေးထည်တစ်ထည်၊ တာလေ စစ်စိမ်းရောင် ပြောက်ကျားအင်္ကျီသုံးစုံ၊ ရဲတပ်ဖွဲ့တံဆိပ်ပါ ဘယ်ရီဟက်သုံးလုံး၊ အပြာရောင်တောဆောင်းတစ်လုံး၊ ဖိုက်ဗာအပြာရောင်တစ်လုံး၊ ပိကတ်အပြာရောင်တစ်လုံး၊ ဦးထုတ်အဝိုင်းနှစ်လုံး၊ ကျည်ကာပြောက်ကျားအစိမ်းရောင်သုံးထည်၊ ကျည်ကာပြောက်ကျားအနက်ရောင်ငါးထည်၊ ရွှေတာချီ ဆိုင်ကယ်တက္ကစီအင်္ကျီတစ်ထည်၊ မျက်နှာဖုံးအဖြူရောင်တစ်ခု၊ ဆံပင်အတုတစ်ခု၊ အီကွေ့မင့်တစ်စုံ၊ လက်ထိပ်သုံးကွင်း၊ ယာဉ်အမှတ်၊ SHN-12/ 1A-1543 ဟွန်ဒါဖစ်အမျိုးအစား အစိမ်းနုရောင် (လိုင်စင်စိစစ်ဆဲ) ကားစီး၊ ယာဉ်အမှတ် SHN-12/ 5J-2677 ခရောင်းအမျိုးအစား အဖြူရောင် (လိုင်စင်စိစစ်ဆဲ) ကားတစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုထားသည်။

အလားတူ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ခြံဝင်းတစ်ခုအတွင်း၌ တရားမဝင် အွန်လိုင်းဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသူ တရုတ်နှင့် ထိုင်းနိုင်ငံသား အချို့အပါအဝင် ၇၀၀ ဦးခန့်အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လေးနှစ်တစ်ကြိမ်ကြုံရတဲ့ Cow Cow Wellness ရဲ့ (၄) နှစ် ပြည့် အထိမ်းအမှတ်အလှူ ကျင်းပ
Next post (၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်