နစက ဉက္ကဋ္ဌ ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

(၂၀၂၄)ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်း စကား ပြောကြားရာတွင် ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ်နိုင်ငံတွင်သာမကဘဲ ကမ္ဘာတစ်ဝန်းလုံး တွင်ပါ စည်ကားသိုက်မြိုက်စွာဖြင့် ခမ်းနားစွာ ကျင်းပနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၄ ခုနှစ်သည် တရုတ်ရိုးရာအရ နဂါးနှစ်ဖြစ်ပါကြောင်း၊ နဂါးနှစ်သည် တရုတ်လူမျိုးတို့၏ ၁၂ နှစ်တွင် တစ်ကြိမ်သာ ကျရောက်သည့်အတွက် ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်း၊  ဘုန်းကံကြီးမားခြင်း၊ ဩဇာကြီးခြင်း၊ စီးပွားလာဘ်လာဘများ တိုးပွားခြင်းတို့ကို ကိုယ်စားပြုသည့်နှစ် ဟု သတ်မှတ်ယူဆကြပြီး ကြီးကျယ်ခမ်းနားသည့် ပွဲများနှင့် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ယခုနဂါးနှစ်အတွင်း ကျင်းပလေ့ရှိသည်ဟု သိရှိရပါကြောင်း။

 တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကိုကြည့်ပါက မြန်မာနိုင်ငံ၏ ပျူခေတ်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့သည့် သမိုင်းမှတ်တမ်း အထောက်အထားများ တွေ့ရှိရပါကြောင်း၊ အဆိုပါအချက်များသည် ပျူခေတ်မတိုင်မီကတည်းက တရုတ်-မြန်မာ ဆက်ဆံရေး ခိုင်မာခဲ့သည်ကို အထင်အရှားတွေ့ရှိရခြင်း ဖြစ်ပါကြောင်း။

  မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁ နှစ်နှင့် ၉ လခန့်အကြာတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ပါကြောင်း၊ ထိုသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်ခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး အသိအမှတ်ပြုခဲ့သကဲ့သို့ အဆိုပါအချိန်ကတည်းက တရုတ်တစ်နိုင်ငံတည်းဆိုသည့်မူဝါဒကိုသာ ကိုင်စွဲပြီး ယနေ့ အချိန်အထိ ရပ်တည်လျက်ရှိသည့်ခိုင်မာသော အိမ်နီးချင်းနိုင်ငံတစ်ခုပင်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (Global Security Initiative– GSI)ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မှုများကိုလည်း မြန်မာနိုင်ငံအနေဖြင့် အစောဆုံး ထောက်ခံပေးခဲ့ပါကြောင်း။

ရှေးအစဉ်အဆက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အပြန်အလှန်နားလည်မှုများနှင့် နေထိုင်ခဲ့ကြသဖြင့် ရံဖန်ရံခါ တွေ့ကြုံရသည့် ပဋိပက္ခအချို့ကို နှစ်နိုင်ငံအစိုးရနှင့် ပြည်သူတို့ ငြိမ်းချမ်းစွာအဖြေရှာပြီးခိုင်မာသည့်ဆက်ဆံရေးကို ထိန်းသိမ်း တည်ဆောက်နိုင်ခဲ့ကြပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ စာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန်ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။

 ကမ္ဘာ့နိုင်ငံတိုင်းသည် မိမိနိုင်ငံလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်စိတ်ချရမှုများ ရရှိစေရေးအတွက်လည်း ဒေသအတွင်း၊ ဒေသအပြင်ဘက်အဖွဲ့အစည်းများဖွဲ့စည်းပြီး ကဏ္ဍ အစုံဖွံ့ဖြိုးရေးကို ကြိုးစား ဆောင်ရွက်နေကြပါကြောင်း၊  မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ၇ နှစ်ကျော်ကာလအတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် နယ်ပယ် ပေါင်းစုံတွင် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သောကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြု စေခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ် ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ Online လောင်းကစားမှုများနှင့် Online လိမ် လည်မှုများကို နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားလိုပါကြောင်း၊ ထို့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဟု ယုံကြည်ပါကြောင်း။

တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံ၌ ပြည်သူများ စည်းလုံးညီညွတ် စိတ်အေးချမ်းသာစွာ ပျော်ရွှင်နေကြသည့် မြင်ကွင်းများကို မြင်တွေ့ရသည့်အတွက် တရုတ်ပြည်သူများနှင့်အတူ ဝမ်းသာကြည်နူးမိပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိသောကြောင့် မိမိတို့ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအနေဖြင့် ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုပါကြောင်း။

ထူးခြားမှုအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တရုတ်နှစ်သစ်ကူးနေ့ကို ယခုနှစ်မှစပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် စတင်ကျင်းပခဲ့ကာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်ကို တွေ့ရပါကြောင်း၊ ယင်းသည် တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများ၏ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် တက်ကြွစွာဖြင့် ဘက်မလိုက်ဘဲ မှန်ကန်စွာဆောင်ရွက်ခဲ့မှုနှင့် ကမ္ဘာ့နိုင်ငံများက တရုတ်နိုင်ငံအပေါ် ယုံကြည်မှုရှိသည်ကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ သံလွင်၊ မဲခေါင်မြစ်နှစ်စင်းမှ အစပြုပြီး သဘာဝ တောတောင် ရေမြေများစွာထိစပ်နေသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ကောင်းမွန်သည့် ဆက်ဆံမှုများနှင့် တူညီသည့် ယဉ်ကျေးမှုများသည် ရေကိုသားသော်အကြား မထင်သကဲ့သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာ ဖြစ်တည်လျက်ရှိနေမည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ရှေးဘုရင်များလက်ထက်ကတည်းက ရွှေလမ်းငွေလမ်း ဖောက်ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရေးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သဖြင့် ဆွေမျိုးပေါက်ဖော် ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန်အမွေကောင်းများအဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက်အဝန်းတစ်ခုကို လက်တွဲထူထောင်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

မြန်မာအနုပညာရှင်များနှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များသည် “ပန်းတိုင်းပွင့်ပါစေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများ အတွက် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်
Next post (၇၁)ကြိမ်မြောက် Miss World 2023 ပြိုင်ပွဲဝင်ရန် MWM 2023 အလှမယ် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ