နိုင်ငံကျော် တေးရေးဆရာ ဒီနေ့ပုဏ္ဏက ကွယ်လွန်

စတီဒီယို ခေတ်ဦးကစလို့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို ဖန်တီးပုံဖော်ခဲ့တဲ့ တေးရေး ဒီနေ့ပုဏ္ဏက (ခ) ဦးကိုလေးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ဝန်းကျင်က ကွယ်လွန်သွားပြီဖြစ်တယ်လို့ အနုပညာ အသိုင်းအဝိုင်းက သိရပါတယ်။ ဆရာကြီးဟာ ကွယ်လွန်ချိန်မှ အသက် ၈၀ နှစ် ရှိပြီဖြစ်တယ်လို့ သိရပြီး ရန်ကုန်မြို့က ရွှေလမင်းဆေးရုံမှာ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း “တေးရေး ဒီနေ့ပုဏ္ဏက (ခ) ဦးကိုလေး ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အနေနဲ့ အထူးစိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။ ထင်ရှားကျော်ကြားတဲ့ ခေတ်ပေါ် မြန်မာသံ တေးသီချင်းများနဲ့အောင်မြင်တဲ့ တေးသံရှင်များ မွေးထုတ်ပေးခဲ့တဲ့ တေးရေးပညာရှင်ကြီးဖြစ်တဲ့အတွက်လည်း အထူးပဲ နှမျောတသ စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။ တေးရေး ဒီနေ့ပုဏ္ဏက (ခေါ် ) ဦးကိုလေး အေးချမ်းရာမှာ အနားယူနိုင်ပါစေ” လို့ ရေးသားထားပါတယ်။

ဆရာကြီးဟာ တိမ်ပလီနွေနှောင်း၊ ဒီကဖြင့်ချစ်လိုက်ရတာ၊ လက်ညှိုးပေါင်းတထောင် မျက်လုံးပေါင်းတသိန်း၊ အပျင်းပြေရည်းစား၊ မိတော့မိတယ်၊ ဧမိစံကဒုတိယ ကျွန်တော်က ပထမ၊ အလိုက်သင့်မောင်ဘဦး၊ သူငယ်ချင်းမောင်ဘဦး၊ ဘိုင်စကုပ်ထဲကလိုချစ်ကြမယ်၊ မောင်ငြိမ်းချမ်း၏ သံသရာ၊လူကိုယူပါ အသဲကိုချမ်းသာပေးပါ၊ ပွမ်ပွမ်မြည်တဲ့အသဲလေး၊ မုဆိုးလည်းသားကောင် သား ကောင်လည်းမုဆိုး အစရှိတဲ့ ထင်ရှားကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို ရေးသားခဲ့သူဖြစ်ပါတယ်။

ဆရာကြီး ဒီနေ့ပုဏ္ဏကဟာ မြန်မာ‌တေးရေး၊ ဂီတစာဆို တဦးဖြစ်ပြီး ကံ့ကော်တောမျိုးအောင်၊ ချိုပြုံး၊ ဘိုဘိုဟန် စတဲ့ အဆိုတော်ကြီးတွေရဲ့ နာမည်ကျော် တေးသီချင်းပေါင်း များစွာကို ရေးစပ်ပေးခဲ့သူဖြစ်ကာ အဆိုတော် ချိုပြုံး သီဆိုထားတဲ့ “တိမ်ပလီနွေနှောင်း” သီချင်းဟာ ဆရာ ဒီနေ့ပုဏ္ဏကရဲ့ လက်ရာ နာမည်ကျော် တေးတပုဒ်ဖြစ်သလို “ခပ်မိုက်မိုက်ချစ်ကြစို့” သီချင်းဟာလည်း စတူဒီယိုခေတ်ဦးမှာရော ဒီဘက်ခေတ်အထိပါ တကျော့ပြန် နာမည်ကျော်ခဲ့တဲ့ သီချင်းကောင်းများစွာထဲက တပုဒ်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အသက် (၆၈)နှစ်ပြည့် မွေးနေ့ကို အကြောင်းပြု၍ အလှူပြုလုပ်ခဲ့တဲ့ လူရွှင်တော် ဦးကျင်ဝှက်
Next post ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများ အတွက် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်