တာဝန်ထမ်းဆောင်ပြီးစီးပါက ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို လွှဲပြောင်း၍ ရွေးကောက်ပွဲကျင်းပမည်ဟု နစက ဉက္ကဋ္ဌ ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကိုဖေဖော်ဝါရီ ၁ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

ထိုသို့ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်ကာလမှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာ၌ မဲမသမာမှုများကို ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးဖော်ထုတ်သွားမည် ဆိုသည့် အချက်ပါဝင်ခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း ဖော်ထုတ်ပြီးစီးခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက သာမန်ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူဆန္ဒပြမှုများ၊ ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေ ပျက်ယွင်းသွားကြောင်း၊ ထိုသို့ အကြမ်းဖက်တိုက်ခိုက်သည့် နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း ပြောကြားသည်။

အလားတူ EAO များနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် NCA လက်မှတ်ရေးထိုးထားသော EAO အဖွဲ့များအနက် KNU မှ သဘောထားတင်းမာသူအချို့၊ CNF နှင့် ABSDF တို့သည် အကြမ်းဖက်လမ်းစဉ်တွင် ပါဝင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးမထားသည့်အဖွဲ့များထဲမှ KIA အဖွဲ့အနေဖြင့်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို အကြမ်းဖက်တိုက်ခိုက်သည့် သင်တန်းများ၊ မိုင်းထောင်ဖောက်ခွဲသည့် သင်တန်းများ သင်ကြားပေးပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း၊ KNPP အဖွဲ့အနေဖြင့် ဆူပူအကြမ်းဖက်မှုကိုလိုလားသည့် PDF အမည်ခံအကြမ်းဖက်သမားများကို အကြမ်းဖက်သင်တန်းများ သင်ကြားပေးခြင်းနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးပြ၍ တိုက်ကွက်များ ဖော်လာခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင်မှုများဖြစ်ကြောင်း။

ထိုအထဲမှ MNDAA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် လောက်ကိုင်ဒေသကို အင်အားအလုံးအရင်းဖြင့် Drone များအသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တရားမဝင်လုပ်ငန်းများ၊ ၎င်းတို့၏မဟာမိတ်များမှ ထောက်ပံ့မှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများမှရရှိခဲ့သည့် ငွေကြေးများဖြင့် အသုံးပြုခဲ့ခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုသို့ MNDAA အဖွဲ့၏ တိုက်ခိုက်မှုများ လုပ်ဆောင်နေမှုသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ရပ်များပင်ဖြစ်ကြောင်း။

မိမိတို့၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသော သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါဝင်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ပြီးစီးပါက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို လွှဲပြောင်း၍ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းချိန်တွင် စနစ်တကျဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုနိုင်ငံရေးအရ ဦးဆောင်မှုပေးရန်ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းဆောင်ရွက်ရာတွင်လည်း တပ်မတော်မှ တာဝန်အရှိဆုံးပုဂ္ဂိုလ်များ၊ တိုင်းရင်းသားနှင့် ဒေသများမှ ကိုယ်စားလှယ်ခေါင်းဆောင်များကို ထည့်သွင်းဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်လုပ်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်းရှိသူများကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက် ထုတ်လွှင့်မည်
Next post သရုပ်ဆောင် ပိုင်တံခွန် ၂၀၂၃ ခုနှစ် အတွက် အကယ်ဒမီ ရမည်ဟု ရေပန်းစားနေ