နစက ဥက္ကဋ္ဌ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ အား​ပေးကြည့်ရှုကာ ဆုများပေးအပ်ချီးမြှင့်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် မော်လမြိုင်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ပွဲချိန် မိနစ် (၉၀) အပြင် အချိန်ပို မိနစ်(၃၀)ကစားရာတွင် နှစ်ဘက် ဂိုးမရှိ သရေရလဒ်ထွက်ခဲ့သည့် အတွက် ပင်နယ်တီအဆုံးအဖြတ် ကစားရာ မော်လမြိုင်ဇုန် အသင်းက မြစ်ကြီးနားဇုန် အသင်းကို ၅ ဂိုး – ၃ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး (နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ်တန်း)ဆု၊အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူများကို နစကအဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာ မှုထန်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်းကို၄င်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန်အသင်းကို၄င်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေ များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပထမဆုရရှိသည့် မော်လမြိုင်ဇုန် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် မော်လမြိုင်ဇုန် အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရမ်းတော်ပြီးထက်မြက်တဲ့ မိခင်တစ်ယောက်အဖြစ် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသည့် စိုးမိုးကြည်
Next post ” စိန်နန်းတော် ” ရဲ့ The Capital Mall Mandalay ဆိုင်ဖွင့်ပွဲ အခမ်းအနားကျင်းပ