မွန်ပြည်သစ်ပါတီ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နိုင်ထောမွန် ထိုင်းနိုင်ငံတွင် ကွယ်လွန်

အစိုးရ နှင့် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဖြစ်သော နိုင်ထောမွန်သည် ထိုင်းနိုင်ငံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း အဆိုပါ ပါတီ နှင့်နီးစပ်သူများထံမှ သိရသည်။

နိုင်ထောမွန်သည် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်ကာ ဇန်နဝါရီလ ၁၇ ရက်၊ ထိုင်းစံတော်ချိန် နံနက် ၇ နာရီခန့်က ထိုင်းနိုင်ငံ စံခလပူရီဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် ဇနီး၊ သမီးတစ်ဦး နှင့် သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ နိုင်ထောမွန်ကို မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် မွေးဖွားကာ ငယ်နာမည်သည် မင်းရွှေထားဖြစ်ပြီး (၁၀)တန်းကို မုဒုံမြို့တွင် အောင်မြင်ခဲ့သူ ဖြစ်သည်။

၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့ကာ သာမန် တပ်သားအဆင့်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုမှတဆင့် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တွင် ဗိုလ်ချုပ်အဆင့် စစ်ဦးစီးချုပ်အဖြစ်သာမက ၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ် ပါတီ ဒုတိယဥက္ကဋ္ဌ နှင့် ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၀၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ဥက္ကဋ္ဌ အဆင့်အထိ တက်လှမ်းကာ စစ်ရေး နှင့် နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဥက္ကဋ္ဌတာဝန်ယူထားသည့်ကာလ ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post City Taxi ယာဉ်များ အဝါရောင်လိုင်း Sticker တပ်ဆင်မှု ၈၆ ရာခိုင်နှုန်းပြီးစီး
Next post တွံတေးသိန်းတန် သီချင်းတွေကို ပုံစံပြောင်းပြီးသီဆိုရင် မရောင်းဘူးဆိုတဲ့ ရွှေရည်သိန်းတန်