ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၅) ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနေ့သစ်ကူး‌နေ့ ပွဲ‌တော်နှင့် ကရင်ရိုးရာ ကောက်သစ် စားပွဲအခမ်းအနားကို ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျွဲချိုမှုတ်၍ ဖားစည်တီးကာ ဖွင့်လှစ်ပြီး ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးမှ ကရင်အမျိုးသားအလံတော်ကို လွှင့်တင်ပေးကာ တက်ရောက်လာသူများ ကရင်အမျိုးသား သီချင်းကို သီဆိုပြီး ကရင်အမျိုးသား အလံတော်ကို အလေးပြုကြသည်။

အခမ်းအနားတွင် သဘာပတိက နှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး KNU ကရင် အမျိုးသား အစည်းအရုံး၊ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူထူးစေးဖိုး၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် စောထွန်းလှိုင်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့မှ ပေးပို့လာသော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာအား တာဝန်ရှိသူများတို့မှ အသီးသီးဖတ်ကြားခဲ့သည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ် လာပုံအကြောင်းကို ပိုးကရင်၊ စကောကရင်၊ မြန်မာဘာသာတို့ဖတ်ကြားပြီး တက်ရောက် လာသူများက (အှ်ဃူ့အှ်ဃှင်) စည်းလုံးကြစို့သီချင်းဖြင့် သီဆိုပြီး ကရင်ရိုးရာကောက်သစ် စားပွဲနှင့် ဖိဗီးယော်ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ကရင်လူမျိုးတို့၏ ရှေးခေတ် ဓလေ့ ထုံးတမ်း အစဉ်အလာများနှင့်အညီ ကျင်းပခဲ့သည်။ လာရောက်ကြသော ဧည့်သည်တော်များကို စတုဒိသာ ထမင်းများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်အား တွေ့ဆုံ
Next post ဆောင်းရာသီမှာ အနွေးဓာတ်လေးရစေလို၍ အနွေးထည် ၃၀၀ လှူခဲ့တဲ့ ကိုသာဂိ