သထုံမြို့၊ သု၀ဏ္ဏဘူမိ ဘိုးဘွားရိပ်သာ ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့၊ သု၀ဏ္ဏဘူမိဘိုးဘွားရိပ်သာ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော် အခမ်းအနားကို ယနေ့၊ နံနက်က နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သု၀ဏ္ဏဘူမိ ဘိုးဘွားရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။‌

ရှေးဦးစွာ ရာပြည့်အခမ်းအနားအား သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအသင်း အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဆရာတော်သံဃာတော်များထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ခြင်း၊ ရေစက်ချတရားတော်များနာယူခြင်း၊ ဆွမ်းနှင့် လှူဖွယ်များဆက်ကပ် လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ရာပြည့်ပွဲတော်တွင် မွန်ပြည်နယ်အတွင်းရှိ ဘိုးဘွားရိပ်သာတို့မှ ဘိုးဘွားများအားဖိတ်ကြားကာ ပျော်ရွှင်စရာ အစီအစဉ်များ ပြုလုပ်ပေးခြင်း၊ ကံစမ်းမဲဖောက်ပေးခြင်းနှင့် သထုံမြို့နယ်အတွင်းရှိ အလှူရှင်အသီးသီးတို့က တစ်ဦးချင်းနှင့် အဖွဲ့အလိုက် စားသောက်ဖွယ်ရာမျိုးစုံတို့ကို ဆိုင်ခန်းများဖွင့်လှစ် တည်ခင်းကာ မြို့လုံးကျွတ် နိဗ္ဗာန်ဈေးစတုဒိသာပွဲတော်ကို တပျော်တပါး ဆင်နွှဲခဲ့ကြသည်။

သထုံမြို့ရှိ သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာကို ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွားဒေါ်ဦးဇွန်းမှ လိုအပ်သည့် အဆောက်အဦများဆောက်လုပ်လှူဒါန်းခြင်း၊ ခိုကိုးရာမဲ့ဘိုးဘွားများကို လက်ခံပြုစုစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ၌ ဘိုးဘွား ၁၈ ဦးတို့အားပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပိုလန်မှာ ကျင်းပမယ့် Miss Supranational 2024 ပြိုင်ပွဲကို အလှမယ် ဒီး ၀င်ရောက်ယှဉ်ပြိုင်မည်
Next post မွေးနေ့အလှူ အဖြစ် လူအယောက်(၁၀၀၀)ကိုစာ အလှူ လုပ်ခဲ့သော စိန်ဧကရီပဲ့ကိုင်ရှင် ‌ဒေါက်တာသဲဆုခိုင်