အမေရိကန်က အစ္စရေးနိုင်ငံအနီး မြေထဲပင်လယ်အရှေ့ပိုင်း သို့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုနှင့်တိုက်လေယာဉ်မျိုးစုံကို ပို့ဆောင်

ဟားမာ့စ်တိုက်ခိုက်ရေးသမားများသည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးမြို့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစ္စရေးသည် ဆယ်စုနှစ်များစွာအတွင်း သွေးထွက်သံယိုအများဆုံးနေ့တစ်နေ့ကို ကြုံတွေ့ခဲ့ရသည်။

အစ္စရေးသည် အောက်တိုဘာ ၈ ရက်တွင် ဂါဇာရှိ ပါလက်စတိုင်းတို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် နှစ်ဖက်စလုံးတွင် လူရာချီသေဆုံးခဲ့ရသည်။ တငွေ့ငွေ့ဖြစ်ပွားနေသော အကြမ်းဖက်မှုက အရှေ့အလယ်ပိုင်းတွင် စစ်ပွဲကြီးတစ်ပွဲဖြစ်လာရန် ခြိမ်းခြောက်လျက်ရှိသည်။

သေဆုံးသွားသူများထဲတွင် အနည်းဆုံးအမေရိကန်နိုင်ငံသားသုံးဦးပါဝင်သည်ဟု အမေရိကန်မှတ်တမ်းများကို ကိုးကားပြီး အောက်တိုဘာ ၈ ရက်တွင် CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က ထုတ်ပြန်ချက်တွင် ၎င်းသည် အစ္စရေးနိုင်ငံအနီးသို့ USS Gerald R. Ford ပါဝင်သော တိုက်ခိုက်ရေးသင်္ဘောစုကို အစ္စရေးနိုင်ငံနှင့်ပိုနီးသော မြေထဲပင်လယ်အရှေ့ပိုင်းသို့ ရွှေ့ထားရန် ညွှန်ကြားထား သည်ဟု ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်ရေးအုပ်စုတွင် လေယာဉ်တင်သင်္ဘောတစ်စီး၊ ပဲ့ထိန်းဒုံးကျည် တပ်ဆင် ထားသော ခရုစ်ဇာ စစ်သင်္ဘောတစ်စီး၊ ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသော တိုက်ခိုက်ရေးသင်္ဘာလေးစင်းတို့ ပါဝင်နေသည်။

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်လေတပ်က တိုက်လေယာဉ်များဖြစ်သော အက်ဖ်–၃၅၊ အက်ဖ်-၁၅၊ အေ-၁၀ တိုက်လေယာဉ်များပါဝင်သော တိုက်လေယာဉ်အုပ်စုကို ယင်းဒေသတွင် တိုးမြှင့်ချထားရန် အဆင့်များ ချမှတ်ဆောင်ရွက် နေသည်ဟု ကာကွယ်ရေးဝန်ကြီးအော်စတင်က ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုက အစ္စရေးကို ခဲယမ်းများလည်း ထောက်ပံ့ပေးမည်ဟု အော်စတင်က ပြောကြားသည်။              

အစ္စရေးစစ်တပ်အတွက် နောက်ထပ်အကူအညီများရောက်လာတော့မည်ဖြစ်ပြီး ရက်ပိုင်းအတွင်းတွင် အကူအညီများ ထပ်မံရောက်လာလိမ့်မည်ဟု အောက်တိုဘာ ၉ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုကို ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦး ဖုန်းဆက်စကားပြောရာတွင် သမ္မတဂျိုးဘိုင်ဒင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်ဒုတိယသမ္မတကာမာလာဟားရစ်သည်လည်း အစ္စရေးသမ္မတအိုင်ဆက်ဟာဇော့နှင့် ဖုန်းစကားပြောခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွား​ရောက်
Next post Legacy Music Agency က မကြာမီ ဖြန့်ချီတော့မယ့် ဖန်တီးထားတယ်ဆိုတဲ့ အဆိုတော် မေသူ