
မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းထုတ်ပြန်

မေလ ၁၉ ရက်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းကို ယမန်နေ့ မေလ (၁၈)ရက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်အသိပေးထားပါတယ်။

ယခုနှစ်အတွက် ဘောလုံးအကယ်ဒမီ ကျောင်းများသို့ တက်ရောက်ခွင့်ရရှိသူ (၇၆)ဦးကို ဇကာတင်ရွေးချယ်ခေါ်ယူထားပြီး၊ ကျောင်းသားများအတွက် နှစ်စဉ် နေစရိတ်၊ စားသောက်စရိတ်၊ ပညာသင်စရိတ်များအားလုံး အခမဲ့ စီစဉ်ပေးထားကြောင်း သိရပါတယ်။

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ တက်ရောက်ခွင့် ရရှိသည့် ကစားသမားများ အနေဖြင့် မေလ (၂၈) ရက်တွင် အကယ်ဒမီကျောင်းသို့ လာရောက်ဆက်သွယ်ရမှာဖြစ်ပြီး မန္တလေး အကယ်ဒမီ တက်ရောက်ရမည့် ကျောင်းသားသစ်များ ကျောင်းသို့ လာရောက်ဆက်သွယ်ရမည့် ရက်အား ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) သည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့်အတွက် အသစ်ပြန်လည် တည်ဆောက်ရန် ဧရာဝတီဖောင်ဒေးရှင်းကူညီမှုဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မန္တလေး ဘောလုံးအကယ်ဒမီတွင် ၂၀၂၅/၂၀၂၆ ပညာသင်နှစ် သတ်မှတ်ချိန်အတွင်းစတင်နိုင်ရန် အဆင့်မြင့် ယာယီအဆောက်အဦး တစ်ခုကို အချိန်မီ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ရန်ကုန်နှင့် မန္တလေးရှိ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီများ၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အတွက် ကစားသမား ရွေးချယ်ခြင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာ မိတဦးဆောင်သည့် နည်းစနစ်အဖွဲ့၊ မြန်မာ့လက်ရွေးစင်ဟောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံများ ပူပေါင်း၍ မတ်လ၊ ဧပြီနှင့် မေလ တို့တွင် လူငယ် (၁၃၀၀) ကျော်လာရောက်ရွေးချယ်ခံခဲ့ကြပါတယ်။
