တရုတ်နိုင်ငံမှ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီမှု ၁၁ ကြိမ်မြောက်အဖြစ် အသင့်နေအိမ်အလုံး ၃၄၀ ထောက်ပံ့ ရောက်ရှိလာ

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ရာ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးအိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ယနေ့ မေလ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့ပြီး ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများမှာ အသင့်တပ်ဆင်ရန်နေအိမ် အလုံးရေ ၃၄၀ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်မာ့ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ ဖိုး ထောက်ပံ့ကူညီရန် ကနဦး ဆုံးဖြတ်ထားပြီး ပထမအသုတ်အလှူအဖြစ် မတ်လ ၃၁ ရက်တွင် ရွက်ဖျင်တဲ ၁,၂၀၀ လုံး၊ ခြုံစောင် ၈,၀၀၀၊ အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄ သောင်းကျော်ကူညီထားပြီး ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဧပြီ ၃ ရက်တွင် ရွက်ဖျင်တဲ ၈၀၀ လုံး၊ ခြုံစောင် ၂,၀၀၀၊ ဘီစကွတ်သေတ္တာ ၃၀၀၀၊ Mineral Water သေတ္တာ ၂,၀၀၀၊ ဧပြီလ ၅ ရက် တတိယအသုတ်ပစ္စည်းများတွင် ရေသန့်စက် ၁၀၄၈ စုံ၊ ခြင်ထောင်အလုံးရေ ၁၀၀၀၀၊ အရေးပေါ်ဆေးအိတ် ၁၅၀၀၀ နှင့် ရွက်ဖျင်တဲအကြီးစား ၄၀၀ စသည်တို့ပါဝင်ပြီး စတုတ္ထအသုတ်ကို ဧပြီ ၉ ရက်တွင် ရွက်ဖျင်တဲ ၁၂၄၈လုံး၊ ခြင်ထောင် ၁၀,၀၀၀ လုံး၊ တာပေါ်လင် ၉,၀၀၀ လိပ်၊ အိပ်ယာအိတ် ၄၀၀၀ ခုနှင့် ထိုနေ့တွင်ပင် ပဉ္စမအသုတ် အကူအညီပစ္စည်းများရောက်ရှိကာ ပါဝင်လာသည်များမှာ ရွက်ဖျင်တဲ ၂၆၆ လုံး၊ ခြင်ထောင် ၂၀,၀၀၀ လုံး၊ တာပေါ်လင် ၉,၀၀၀ လိပ်၊ ခေါက်ဆွဲခြောက် ၂,၀၀၀ သေတ္တာပါဝင်ပြီး စုစုပေါင်းအလေးချိန် ၉၁ တန်ကျော်ရှိကြောင်း သိရသည်။

ဆဋ္ဌမအသုတ် အကူအညီပစ္စည်းများမှာ ဧပြီ ၁၁ ရက်တွင် ရောက်ရှိခဲ့ပြီး ရွက်ဖျင်တဲ ၂၆ လုံး၊ တစ်ကိုယ်ရေသုံး ပြင်ပတွင် ချက်ပြုတ်နိုင်သောပစ္စည်း အစုံ ၂,၀၀၀၊ ဆိုလာစွမ်းအင်သုံး စာကြည့်မီးအိမ် ၁၀,၀၀၀ လုံး၊ ဆပ်ပြာ ၃၈,၈၈၀ တုံး၊ ရေချိုးဆပ်ပြာရည် ၃၈,၈၈၀ ဘူး၊ ခေါင်းလျှော်ရည် ၃၈,၈၈၀ ဘူး၊ သွားတိုက်ဆေး ၃၈,၈၈၀ ဘူး၊ သွားတိုက်တံ ၃၈,၈၈၀ ချောင်း၊ ဆပ်ပြာမှုန့် ၃၈,၈၈၀ အိတ် ပါဝင်ပြီး စုစုပေါင်းအလေးချိန် ၉၁ တန်ကျော်ရှိကြောင်း သိရသည်။

သတ္တမအသုတ် ပစ္စည်းများမှာ ဧပြီ ၂၀ တွင် ရောက်ရှိလာခဲ့ပြီး အဆိုပါ ထောက်ပံ့ရေးပစ္စည်းများတွင် Amoxicillin ဆေးတောင့် ၈၀၀,၀၀၀ ဗူး၊ Acetaminophen ထိုးဆေး ၁၂၂,၀၀၀ ပုလင်း၊ Cephradine capsules ၂၂၅,၀၀၀ ဗူး နှင့် Ibuprofen ၄၈၀,၀၀၀ ဗူး တို့ပါဝင်ပြီး ဧပြီ ၂၂ ရက်က ရောက်လာသည့် အဋ္ဌမအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် အရိုးဆက်ပြား ၂၄,၆၀၀ ခု၊ အရိုးဆက်စကူ ၁၃၂,၀၀၀ ခု၊ အရိုးအတွင်းပိုင်း ချိတ်ဆက်သံ ၄,၅၂၆ ခု၊ ကိရိယာစက်ပစ္စည်းအိတ် ၃၀ စုံ၊ ဆိုဒီယမ်ပင်နီဆီလင် (Sodium penicillin) ထိုးဆေးပုလင်း ၁ သန်း၊ မက်ထရိုနီဒါဇိုး (Metronidazole) ဆေးပြား ၄၀၀,၀၀၀၊ စီဖရာဒင်း (Cefradine) ဆေးတောင့် ၉၀,၀၀၀ ဘူး၊ ဆေးဘက်ဆိုင်ရာ ပိုးသတ်ဆေးပြား ၃၀၀ ဘူးနှင့် ဆေးဘက်ဆိုင်ရာ အိုင်အိုဒင်း ဝါဂွမ်းတံ ၂,၀၀၀ ပုံး ပါရှိကြောင်း သိရသည်။ ထို့အတူ ဧပြီ ၂၆ ရက်က နှစ်သုတ်ခွဲပို့ခဲ့သည့် နဝမအသုတ်ပစ္စည်းများတွင် Tetanus Vaccine,Adsorbed မေးခိုင်ကာကွယ်ဆေး ၆၈,၀၀၀ လုံး၊ အရွယ်ရောက်သူများအတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး (Recombinant B Subunit Cholera Vaccine – Adult) ၅၇၀,၀၀၀ လုံး၊ ကလေးများအတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး (Recombinant B Subunit Cholera Vaccine – Pediatric) ၇၇,၉၁၀ လုံး စသည်တို့ ပါဝင်ကာ ဆယ်ကြိမ်မြောက် ထောက်ပံ့မှုမှာ ဒီဇယ်ဆီ တန်ချိန် ၁၈၀၀၀ ဖြစ်ပြီး မေလ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာ့ငလျင်ဘေးအတွက် မူလက ယွမ်သန်း ၁၀၀ သာ ကူညီမည်ဟု ကြေညာခဲ့သော်လည်း ဧပြီ ၁၀ ရက်တွင်မူ ယွမ်တစ်ဘီလျံ ထပ်မံကူညီမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ထပ်တိုးအကူအညီတွင် လောင်စာဆီနှင့် အသင့်တပ်ဆင်ရန်အိမ် အပါအဝင် အရေးပေါ် လူသားချင်းစာနာမှု သဘာဝဘေးကယ်ဆယ်ရေး အကူအညီအသစ်များ ပါဝင်လာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ