ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် တပ်မတော်အတွက် စစ်လက်နက်ပစ္စည်း အမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းအမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ပြီး အရည်အသွေး ပိုကောင်းသည့်ထက် ပိုကောင်းအောင်၊ စွမ်းဆောင်ရည်မြင့်မားသည့်ထက် မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ပြုလုပ်သည့် (၇၅) နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်တွင်းရောင်စုံသူပုန်များ၏ သောင်းကျန်းပုန်ကန်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ရရှိပြီးစ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မြန်မာ့တပ်မတော်သည် ပြည်သူလူထုနှင့်လက်တွဲပြီး ခက်ခက်ခဲခဲ ကာကွယ်စောင့်ရှောက်ခဲ့ရသည့် သမိုင်းကြောင်းသည် အထင်အရှားရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ ကာလတွင် တပ်မတော်ခေါင်းဆောင်များအနေဖြင့် ကိုယ့်ပြည်တွင်းမှာပင် လက်နက်/ခဲယမ်းများ ထုတ်လုပ်နိုင်ရန် ကြံစည်ကြိုးပမ်းခဲ့ကြကြောင်း၊ ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်တွင် ဖွဲ့စည်းပုံနှင့်စနစ်တကျဖွဲ့စည်းပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ယနေ့သည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ တည်ထောင်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် “Power To The Forces” “တပ်မတော်အတွက် စွမ်းအားဖြစ်စေရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စစ်လက်နက် ပစ္စည်းအမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ တပ်မတော်သို့ ထုတ်လုပ်ပေးသွင်းနိုင်ခဲ့သည့်အတွက် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့အကြီးအကဲများ၊ တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

စစ်လက်နက်နှင့် စစ်အသုံးဆောင်ပစ္စည်းဆိုသည်မှာ စစ်မြေပြင်တွင် မှတ်ကျောက်တင်ခံရမည်ဖြစ်သည့်အတွက် အရည်သွေးပိုကောင်းသည်ထက် ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည် မြင့်မားသည်ထက် မြင့်မားအောင် နယ်ပယ်စုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post အသက်၄၀ ကျော်မှ ချစ်သူနဲ့လက်တွဲခဲ့ပြီး ချစ်စရာသားဦးလေးကို အဆင်ပြေစွာမွေးဖွားခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် သူဇာပွင့်