ဟာသဒရာမာဇာတ်ပုံစံပါဝင်မယ့် “ဂျော့(စ်)စပဲရိုးနှင့် ငါးသလဲထိုး” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

ချစ်တုန်တုန် ရုပ်ရှင်ထုတ်လုပ်ရေးက ဟာသဒရာမာဇာတ်ပုံစံပါဝင်မယ့် “ဂျော့(စ်)စပဲရိုးနှင့် ငါးသလဲထိုး” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးကို ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။

” ဒီဇာတ်ကားကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းနဲ့ကောင်းတယ်။ ဟာသတွေကြီးပဲ မဟုတ်ပါဘူး။ ဒရာမာ ပိုင်ပိုင်နိုင်နိုင်လေးတွေပါတယ်။ ရုံတင်မှာမို့ ဇာတ်ပို့တွေလည်း ကောင်းကောင်းတွေ ခေါ်သုံးထားတာပါ။ နာမည်ကိုပဲ ကြည့်ပြီးတော့ပဲ မဝေဖန်စေချင်ပါဘူး။ ဒီကားမှာ သူ့ဇာတ်လမ်း ဇာတ်ကွက်လေးတွေ ကောင်းပါတယ်”လို့ ဒါရိုက်တာကိုငယ် (စိတ်ပညာ)ကပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ဇာတ်ညွှန်း ကိုငယ် (စိတ်ပညာ)နဲ့ ကနုတ်မေတို့က ရေးသားထားပြီး ဒါရိုက်တာကိုငယ် (စိတ်ပညာ)၊ တွဲဘက်ဒါရိုက်တာ ကနုတ်မေက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်နန္ဒ ၊ ရှင်နန်း ၊ ကျော်ကျော်အိန္ဒြာ၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ ဒေါင်းဝေ ၊ မာမီသဏ် ၊ ငလက်မ ၊ ဦးဝင်းမြိုင်၊ နိုင်လူ၊ အကယ်ဒမီချိုပြုံး၊ အကယ်ဒမီမိုးဒီ၊ အကယ်ဒမီ ဇော်ဦး၊ အကယ်ဒမီခင်စိုးပိုင်၊ အကယ်ဒမီခင်မို့မို့အေး၊ မိုခမ်း၊ဒေါ်စန်းစန်းဝင်း၊ ဂွမ်းပုံကြီး၊ ချစ်ပု၊ မတူး၊ ဟေမာမန်းဝင်း၊ ပါကျဲ၊ ဦးရဲလေး၊ ဂရေ့စ် ဒေါ်နား၊ မိုကိုခန့်၊ ရှင်မိုးရတီ၊ နေမင်းလေး၊ လန်ဒန်၊ မင်းလေး ၊ ထူးကျော်ဟိန်း ၊ အောင်မျိုး၊ ကိုညီ၊ ကစ်ကစ် ၊ဧည့်သည်သရုပ်ဆောင်စစ်နိုင်သီဟ၊ အန်တီကြည်၊ ကလေးသရုပ်ဆောင်တွေအနေနဲ့ မိကြယ်စင်ကျော်ကျော်၊ ရန်လင်းအောင်၊ ကျော်ကျော်ကလျာ၊ ဆုသဇင်ဇော်တို့က ပါဝင်ကြမှာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ အနုပညာသက်တမ်း ၂၀ မှာ ဂျော့(စ်)စပဲရိုးရိုက်မယ်လို့ လူသိသွားမှ ၃ နှစ်ကျော်လောက်ရှိတာပါ။ ကိုယ်က ဒီ ဂျော့(စ်)စပဲရိုး ဇာတ်ရုပ်အတွက်မွေးဖွားလာတဲ့ ဇာတ်ကောင်တစ်ခုပါ။ ဒီဇာတ်ကောင်ဖြစ်လို့ ရင်ခုန်ပါတယ်။ ကိုယ့်လိုမျိုး ဖြတ်လျှောက်ဘဝကနေပြီးတော့ လက်ရှိမှာ ကိုယ့်လိုနာမည်ကြီးလာသူရှိသလို နာမည်မကြီးတာလည်းရှိတယ်။ အဲလိုလူမျိုးလေးတွေဆိုလည်း အားပေးပါတယ်။ ကျွန်တော်ဆိုလည်း နှစ်တွေအများကြီး စောင့်လာပြီမှ နေရာတစ်ခုရလာတာမို့ အားလုံးကို ဖိုက်တင်းပါလို့ ပြောချင်တယ်”လို့ သရုပ်ဆောင် ကျော်ကျော်နန္ဒက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီတင်းကျွတ်ကာလတွင် အဝေးပြေးယာဉ်လိုင်း (၂၀၀) ကျော် ပြေးဆွဲပေးနေ