နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မတည်လှူဒါန်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံ ဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်း ကွန်ယက်များမှတဆင့် ဖြန့်ကျက် ဆောင်ရွက်လျက် ရှိပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီး အတွက် ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း(၁၀၀၀)ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ မတည်၍ ဘဏ်ခွဲအသီးသီးမှ အရာထမ်းဝန်ထမ်းများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့်တပြေးညီထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့် – ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယဆင့် – ပြန်လည်ထူထောင်ရေးအတွက်လည်း အစီအစဉ်များ ရေးဆွဲလျက်ရှိပါသည်။

ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် စက်တင်ဘာလ (၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှု ဒဏ်ခံစားရသော ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး အသင့်စားသုံးနိုင်သော အစားအသောက်များ၊ အသင့်စား စည်သွပ်ဘူး ငါးသေတ္တာနှင့် အသားဘူးများ ၊ သောက်ရေသန့်ဘူးများ ၊ BPI ဓာတ်ဆားထုပ် များနှင့် လိုအပ်သည့် ဆေးဝါးများ ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မ,ဝတ်လုံချည်၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားရသည့် နေရာဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း ၊ ပျော်ဘွယ် အစရှိသော နေရာ အသီးသီး အထိ ကားကြီးများဖြင့် အရောက် အမြန်ဆုံး ပေးပို့ဖြန့်ဝေ လှူဒါန်းလျက်ရှိပါသည်။

ချက်ပြုတ်စားသောက်ရန် ခက်ခဲသော မြို့ရွာများတွင်လည်း ထမင်းချက်စခန်းများကို မဏ္ဍပ်များထိုး၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေခြင်း၊ ရေဘေးဒဏ်ခံရသော ကျေးရွာများအတွက်လည်း ၄င်းရွာနှင့် နီးစပ်သော ရေလွတ်သော ကျေးရွာများသို့ KBZPay မှတဆင့် ငွေလွှဲ၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ် ပေးဝေလျက်ရှိပါသည်။ မြန်မာနိုင်ငံတဝှမ်း ကမ္ဘောဇဘဏ်ဘဏ်ခွဲအသီးသီးရှိ ဘဏ်ဝန်ထမ်းများမှလည်း ဘဏ်မှလှူဒါန်းမှုများအတွက် ကိုယ်တိုင် လုပ်အားပေး ပါဝင်ဆောင်ရွက်နေသည့်အပြင် အဝတ်အထည် ၊ ဆေးဝါး ၊ ငွေကြေးအလှူဒါနတို့ကိုပါ တတ်အားသရွေ့ ပါဝင်လှူဒါန်းလျက်ရှိပါသည်။ ရေကြီးရေလျှံဖြစ်ပွားလာနိုင်ဖွယ်ရှိသော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားနေရာ‌ ဒေသများ အတွက်လည်း လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း KBZ Bank ၏ Facebook Page မှ အသိပေး ကြေညာချက်အရ သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက ဥက္ကဋ္ဌ နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများအား ကြည့်ရှု စစ်ဆေး
Next post (၁၇-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်