YBS မှတ်တိုင်များတွင် တက္ကစီနှင့် အခြားယာဉ်များ ရပ်နားပါက ထိရောက်စွာအရေးယူမည် ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော အများပိုင် YBS ယာဥ်လိုင်းများ၏ မှတ်တိုင်များတွင် စက်တင်ဘာ ၁ ရက်မှစတင်၍ တက္ကစီနှင့် အခြားယာဥ်များ ရပ်နားထားမှုတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။

YBS ယာဥ်လိုင်းများမဟုတ်ဘဲ ကားမှတ်တိုင်များတွင် ရပ်နားထားသည့် အငှားယာဉ်၊ ကိုယ်ပိုင်ယာဉ်နှင့် အခြားယာဉ်များကို YRTC အနေဖြင့် ဝိုင်ဘီအက်စ်ယာဉ်လိုင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားလာစေဖို့ ကြပ်မတ် ဆောင်ရွက်ရာ စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့ဖြင့် အဓိကလမ်းကြောင်းကြီး ၁၀ ကြောင်းပေါ်တွင် ကြပ်မတ်စစ်ဆေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ခရီးသွားပြည်သူတွေ စီးနင်းတဲ့ YBS ကားမှတ်တိုင်တွေမှာ အငှားယာဥ်တွေနဲ့ အိမ်စီးကားတွေ ရပ်နားထားတာတွေကြောင့် YBS ကားတွေ မှတ်တိုင်ကျော်ရပ်ခြင်းဖြစ်လာတယ်။ နောက်ဆက်ပြီး လမ်းလယ်ခွရပ်ခြင်းတွေ ပြုလုပ်လာတယ်။ အဲဒီလိုပြုလုပ်မှုတွေကြောင့် ခရီးသွားပြည်သူတွေ ယာဥ်တိုက်မှုအန္တရာယ်နဲ့ မကြာခဏ တွေ့ကြုံရ ပါတယ်။ ဒါကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့နဲ့ ယာဉ်ကြောပိတ်ဆို့တာတွေ လျော့နည်းသွားစေဖို့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့နဲ့ ထိရောက်စွာ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားပါမယ်။” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယနေ့ခေတ်သို့ ပြောသည်။

စည်းကမ်းလိုက်နာခြင်း မရှိသည့် ယာဉ်များကို ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်နှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။ရန်ကုန်မြို့အတွင်း YBS ယာဥ်လိုင်းများသည် YRTC ၏ကြီးကြပ်မှုအောက်တွင် ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းက ယာဉ်အစီးရေ ၃၈၀၀ ဖြင့် နေ့စဥ်ပုံမှန်ပြေးဆွဲနေပြီး တစ်ရက်လျှင် ခရီးသွားပြည်သူ တစ်သန်းခွဲခန့်ကို ပို့ဆောင်ပေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ