ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ စာဆိုဗိမာန် အဆောက်အဦ သုံးထပ် (RC) တည်ဆောက်မည့် စီမံကိန်းအား အိန္ဒိယနိုင်ငံမှ ကူညီထောက်ပံ့

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ စာဆိုဗိမာန် အဆောက်အဦ သုံးထပ် (RC) တည်ဆောက်မည့် စီမံကိန်းအား အိန္ဒိယနိုင်ငံမှ ကူညီထောက်ပံ့မည်ဖြစ်သည်။

အဆိုပါ စာဆိုဗိမာန်တည်ဆောက်‌ရေး စီမံကိန်းကို အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ အ‌ထောက်အပံ့ဖြင့် တည်ဆောက်ရေး စီမံကိန်း သဘောတူညီချက် (Project Agreement) ကို မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ တာဝန်ရှိသူတို့က လက်မှတ်ရေးထိုး ခဲ့ကြပြီးဖြစ်သည်။

စာဆိုဗိမာန် တည်ဆောက်ရေး စီမံကိန်း တိုးတက်ပြီးစီးမှုကို စောင့်ကြည့်ရန် မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ တာဝန်ရှိသူများ ပါဝင်သည့်(Joint Project Mornitoring Committee – JPMC) ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း သိရသည်။

ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဩဂုတ်လ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်အဆောက်အဦ သုံးထပ် (RC) တည်ဆောက်မည့် မြေနေရာ၌ အဆောက်အအုံဟောင်းများ ရှင်းလင်း ဖျက်သိမ်းပြီးစီးမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်အ‌ဆောက်အဦ သုံးထပ် (RC) တည်ဆောက်မည့်မြေနေရာရှိ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက်နေမှုအပေါ် မလွတ်ကင်းသည့်အပင်များ ဖယ်ရှားရှင်းလင်း နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားပြီး စာပေဗိမာန် စာကြည့်တိုက် အဖြစ် ပြန်လည်မွမ်းမံ ပြင်ဆင်ဆောင်ရွက်မည့် သုံးထပ်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကြံ့ခိုင်မှုရှိစေ‌ရေးတို့အား မှာကြားခဲ့သည်။

စာဆိုဗိမာန် အဆောက်အဦကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ မြေတိုင်းရပ်ကွက် (၁၈-အေ)၊ မြေကွက်အမှတ် (၂၉ ၏ တစ်စိတ်တစ်ဒေသ) အခမဲ့ မြေကွက် အမျိုးအစားဖြစ်သော မြေဧက ၂ ဒသမ ၁၈ ဧက ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ စာဆိုဗိမာန်အဆောက်အဦ သုံးထပ် (RC) အကျယ်အဝန်းမှာ အလျား ပေ ၁၆ဝ x အနံ ပေ ၁၄၀ x အမြင့် ၅၇ ပေ ၈ လက်မ သုံးထပ် (RC) အဆောက်အဦဖြစ်ပြီး ၅၂၁၂၈ စတုရန်းပေ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၅-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ