ရာအိမ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူး နှစ်ဦးကို PDF များက တစ်နေ့တည်း သတ်ဖြတ်

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရာအိမ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို PDF များက တစ်နေ့တည်း သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရှမ်းပြုံး ချောင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ဩဂုတ် ၁၄ ရက် ည ၁၁ နာရီခွဲတွင် အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမြင့်အောင် (၅၂)နှစ် သည် ရွာလယ်လမ်းမပေါ်၌ လမ်းလျှောက်နေစဉ် PDF ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ် ၁၅ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပေါက်ခေါင်းမြို့နယ်၊ အိုင်ဇောက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးတင့်လွင်(၅၈)နှစ်သည် ၎င်း၏နေအိမ်အရှေ့ဘက် ၄ ဖာလုံခန့် အကွာရှိ တောင်ယာခင်းအတွင်း ရှိနေစဉ် PDF ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင့်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် သေဆုံးသူဦးတင့်လွင်မှာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဖြစ်ပြီး သတ်ဖြတ်မှု ကျူးလွန်သည်မှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းဖြစ်သည်။ အဆိုပါဖြစ်စဥ်နှစ်ခုအပြင် ဩဂုတ် ၁၅ ရက် ည ၇ နာရီ ၂၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဦးတိုကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ မြေနုကျေးရွာနေ မြေနုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇင် (၄၇) နှစ်သည် ၎င်း၏သား ကိုလှမျိုးသန့် နှင့်အတူ ဦးတိုကျေးရွာမှ မြေနုကျေးရွာသို့ ပန်းတနော်-ရွှေလောင်းသွားကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် လားရာတူနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာသည့် အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန့်ဇင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုလှမျိုးသန့် တွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွေးနေ့မှာ အုန်းနို့ခေါက်ဆွဲ စတုဒီသာအလှူ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် သြဂတ်မိုး
Next post ကချင်ပြည်နယ် ပြည်သူ့ပါတီကို မှတ်ပုံတင်ခွင့်ပြု