လျှပ်စစ်သုံးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ လျှပ်စစ်သုံး မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခုကို ခွင့်ပြု လိုက်ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည့် လျှပ်စစ်သုံး မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအပါအဝင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်း လုပ်ငန်းများဖြစ်သည့် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၅ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၄ သန်းနှင့် ကျပ် ၅၇၃၅၁ ဒသမ ၉၇၆ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများသည် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများအနေဖြင့် စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အပြစ်မဲ့အရပ်သားပြည်သူ (၁ဝဝ)ကျော်အား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် MNDAA ကိုးကန့်သောင်းကျန်းသူများကို ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်မြို့၌ကျင်းပ