မန္တလေးတွင် ဓာတ်ဆီ တစ်လီတာ ပြင်ပပေါက်ဈေး (၈၀၀၀) ကျပ်ဝန်းကျင်အထိ မြင့်တက်လာ

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့

မန္တလေးမြို့အတွင်း ယခုရက်ပိုင်းအတွင်း ဓာတ်ဆီ တစ်လီတာ ပြင်ပပေါက်ဈေး (၈၀၀၀) ကျပ်ဝန်းကျင်အထိ မြင့်တက် လာကြောင်း မြို့ခံများထံမှ သိရသည်။

မန္တလေးမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရ သောကြောင့် ဩဂုတ် (၁) ရက်မှစတင်ကာ ဓာတ်ဆီပြင်ပဈေးကွက်၌ တစ်လီတာ (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ် ဝန်းကျင်အထိ မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ခံများအနေဖြင့် ဓါတ်ဆီကို ရည်ညွှန်းဈေး အတိုင်းရောင်းချပေးနေသည့် ဆိုင်ကြီးများတွင် အချိန်ကြာမြင့်စွာ တန်းစီနေရခြင်းကြောင့် မစောင့်ဆိုင်းလိုသူများမှ ပြင်ပတွင် ဝယ်ယူရာမှ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။

ဇူလိုင် (၃၁)ရက်တွင် ဓာတ်ဆီ ပြင်ပပေါက်ဈေးမှာ တစ်လီတာကို ကျပ် (၅၀၀၀) ရှိခဲ့ရာမှ သြဂုတ်(၁)ရက်မှစတင်ကာ ယင်းကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ရည်ညွှန်းဈေးနဲ့ ရောင်းပေးတဲ့ဆိုင်တွေမှာ တန်းစီသူတွေ တအားများတယ်။ မြို့ကို ပတ်ပြီးတော့ကို ဆီရှာကြရတယ်။ ဘယ်မှာတော့ ဆီရတယ်ဆို သွားပြီး တန်းစီရတာပေါ့။ မစောင့်နိုင်ဘဲ အရေးတကြီး လိုအပ်သူတွေက ပြင်ပမှာ ဝယ်ကြတော့ ဈေးက တော်တော်မြင့်လာတာပါ”ဟု မြို့ခံ တစ်ဦးက ပြောသည်။

ထို့ပြင် ဓါတ်ဆီအရောင်းဆိုင်များအနေဖြင့်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ဆီပြတ်လတ်နေသည်ဟုဆိုကာ အရောင်းဆိုင်အချို့ ပိတ်ထားကြကြောင်း မန္တလေးမြို့ခံတို့က ဆိုသည်။

သို့သော် ပြည်ပမှ စက်သုံးဆီများ ပုံမှန်တင်သွင်းသိုလှောင်ဖြန့်ဖြူးလျက်ရှိသဖြင့် ဓါတ်ဆီပြတ်လပ်မှု မရှိနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းသတင်းဌာနများသို့ ဖြေကြားထားချက်အရ သိရသည်။

ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြား၌ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများကြောင့် သီလဝါဆိပ်ကမ်း Terminal များ၌ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ် နှောင့်နှေးကြန့်ကြာခြင်း စွမ်းအင်ဝန်ကြီး ဌာနမှ ထုတ်ပြန်ပြောဆိုထားသည်။

ထို့ကြောင့် ဆီတင်ယာဉ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ဆောင်ရာတွင်လည်း အချို့ဒေသများ၏ လမ်းခရီး အခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်းများရှိနေရကြောင်းလည်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သီလဝါ ဆိပ်ကမ်း ဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီ ဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများဖြင့်လည်း စဉ်ဆက်မပြတ် ဝင်ရောက်ရန် စီမံ ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိုလံပစ် အားကစားပြိုင်ပွဲ ဝင်ခဲ့သူ မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံး ဂုဏ်ပြု
Next post ၃၄ နှစ်ပြည့်မွေးနေ့ကို ချစ်ရသူတွေနဲ့ ဖြတ်သန်းခဲ့တဲ့ စွမ်း