PR စနစ်ဖြင့် ပထမဆုံးပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီငယ်များလည်း ခြေစွမ်းပြ အခွင့်အရေး ပိုရလာမည်ဟု သုံးသပ်

မြန်မာနိုင်ငံ၌ PR စနစ်ဖြင့် ပထမဆုံး ပြုလုပ်နိုင်မည့် ရွေးကောက်ပွဲတွင် ပါတီငယ်များလည်း ခြေစွမ်းပြအခွင့်အရေး ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်၌ ပြုလုပ်သည့် “နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကြောင့် လက်ရှိပြည်တွင်းမငြိမ်သက်မှုအခြေအနေနှင့် ရွေးကောက်ပွဲ၏ အကျိုးကျေးဇူးများဆွေးနွေးပွဲ”အတွင်း ဆွေးနွေးခဲ့သူများက သုံးသပ်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ဦးကျော်သူအောင်(အထွေထွေအတွင်းရေးမှူး -အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ)၊ ဦးသန်းစိုး(ဘောဂဗေဒ)၊ ဦးသိန်းထွန်းဦး (အမှုဆောင်ဒါရိုက်တာ-သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျူ) ၊ ဦးညိုထွန်း (၈၈ မျိုးဆက်ကျောင်းသားဟောင်း)တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

လာမည့် ၂၀၂၅ ခုနှစ်အတွင်း နစကအစိုးရက ရွေးကောက်ပွဲ ပြုလုပ်မည်ဟု အတိအလင်းပြောဆိုပြီး ဖြစ်သောကြောင့် ယင်းရွေးကောက်ပွဲမှာ တရားမျှတ၊ ပွင့်လင်းမြင်သာဖြစ်ခြင်း၊ ရွေးကောက်ပွဲကို ကြီးကြပ်ရန် နိုင်ငံတကာ လေ့လာသူများ အားဖိတ်ကြားခြင်း၊ PR စနစ်၏တရားမျှတမှုကို အာမခံနိုင်မှု ရှိနိုင် မရှိနိုင် စသည်တို့အပေါ် ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

“တစ်ခါတရံမှာ ကျွန်တော်တို့ နားလည်ထားကြတဲ့ နိုင်ငံတကာဆိုတာ မြင်လို့ရှိရင် ဥရောပတိုက်ကို သွားသွားမြင်တဲ့ပြဿနာ။ ကမ္ဘာ့ပေါ်မှာ နိုင်ငံပေါင်း(၁၀၀) ကျော် ရှိတဲ့အထဲမှာ အနောက်ဘက်ကချည်း နိုင်ငံတွေမဟုတ်ဘူး။ ကျွန်တော်တို့ အရှေ့ဘက် ကလည်း နိုင်ငံတွေ ရှိပါတယ်။ အဲ့ဒီနိုင်ငံတွေက လာရောက်ပြီးတော့ လေ့လာလို့ရလို့ လေ့လာမယ်ဆိုရင်လည်း လေ့လာလို့ ရတဲ့အနေအထားရှိတဲ့အတွက်ကြောင့် နိုင်ငံတကာဆိုတဲ့အသုံးအနှုန်းအောက်မှာ အနောက်ဘက်ကနိုင်ငံတွေ လာရောက် လေ့လာတာမျိုးမဟုတ်ဘဲနဲ့ အရှေ့ဘက်ကနိုင်ငံတွေလည်း လာရောက်လေ့လာတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ရွေးကောက်ပွဲမှာ ဝင်ရောက်ပြီးတော့ လေ့လာနိုင်မလား။ ဖိတ်ခေါ်နိုင်မလားဆိုတာနဲ့ ပတ်သက်လို့ပြောရရင် ကျွန်တော်တို့နိုင်ငံမှာလုပ်တဲ့ရွေးကောက်ပွဲလေ။ ကျွန်တော်တို့အထဲမှာ စောင့်ကြည့်မယ့်သူတွေ မရှိဘူးလား။ သမာသမတ်ကျတဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကိုယ်တိုင်ကလည်း အဖွဲ့အစည်းတွေအရ စောင့်ကြည့်လို့ရတယ်။ နိုင်ငံတကာကလာစောင့်ကြည့်မှ ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲက တရားမျှတမှာလား။ ဒါတော့ကျွန်တော်မေးချင်တယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရာသို့ နိုင်ငံတကာအဖွဲ့အစည်းများ လာရောက်ကြည့်ရှု လေ့လာခွင့်ရသည် ဆိုပါက တိုးတိုးတိတ်တိတ်ကြိတ်လုပ်သည့်ရွေးကောက်ပွဲမဟုတ်ဘဲ ပွင့်လင်းမြင်သာမှုရှိကြောင်း ဖော်ပြရာရောက်သည်ဟု ဝေဖန်ကြသည့်အတွက် နိုင်ငံတကာကို လေ့လာခွင့်ပြုသည့် ရွေးကောက်ပွဲမျိုး ဖြစ်စေလိုသူများလည်း ရှိနေကြောင်း သိရသည်။

“International အဖွဲ့အစည်းတွေက စောင့်ကြည့်တယ်ဆိုရင် သူ့ရဲ့ ရွေးကောက်ပွဲရဲ့တရားဝင်မှုက မြင့်တယ်ပေါ့ဗျာ။ ကိုယ့်အိမ်ထဲမှာ ကိုယ်ကြိတ်လုပ်သွားတဲ့ကြိတ်ဝိုင်း မဟုတ်ဘူးပေါ့။ နိုင်ငံတကာရဲ့ တရားဝင်မှုရမယ်ဆိုတဲ့ ဟာမျိုးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေက အဲလိုမျိုးမဟုတ်ဘူး။ ကျွန်တော်တို့က ထောင်ချောက်လေးခုထဲမှာနေရတယ်။ အိမ်နီးနားချင်းဆိုးထောင်ခြောက်တွေ၊ မဟာဗျူဟာထောင်ချောက်တွေထဲမှာ နေရတာဖြစ်တဲ့အတွက် ကိုယ်ထူကိုယ်ထ သွားရတဲ့တိုင်းပြည်ပေါ့။ နောက်တစ်ခုက ရွေးကောက်ပွဲတရားမျှတတယ်။ တရားမမျှတဘူးဆိုတာထက်စာရင် ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေးမှာ Real Politic မှာ နှုန်းစံတွေကိုဖယ်ထားပြီးတော့ လက်တွေ့မြေပြင်မှာ အပြောင်းအလဲတစ်ခုကို ပြောင်းသွားဖို့ အရွေ့တစ်ခုကိုသွားကြရင် ပိုကောင်းမယ်လို့ ကျွန်တော်မြင်ပါတယ်။ လူတွေက တစ်ခါတစ်လေ မျှော်လင့် ထားတဲ့တန်ဖိုးတွေကိုပဲ လိုက်ပြီးတော့လုပ်နေကြတာ။ မြေပြင်မှာလုပ်လို့မရတဲ့ဟာတွေ ရှိတာပေါ့။ ကိုယ့်လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့မီတဲ့ဟာပဲ ဝယ်စားလို့ရမယ်။ ကိုယ့်လက်ထဲမှာမရှိဘဲနဲ့ သွားပြီးစားချင်နေရင်ပြဿနာရှိတာပေါ့လေ။ အဲဒီ သဘောပါပဲ”ဟု ဦးကျော်သူအောင်က ပြောသည်။

အလားတူ PR စနစ်ကို မှန်မှန်ကန်ကန်လိုက်နာကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားပါတီငယ်များ ပိုမို အလုပ်လုပ်ခွင့်ရ ကြမည်ဖြစ်ပြီး ပါတီများအနေဖြင့် တန်းတူညီမျှသောအခွင့်အရေးအားသာချက်များ ရရှိမည်ဖြစ်ကြောင်းလည်း ဦးသိန်းထွန်းဦး က သုံးသပ်ပြောဆိုခဲ့သည်။

“PR စနစ်ကို မှန်မှန်ကန်ကန် သေချာလိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်၊ အထူးသဖြင့်တော့ တိုင်းရင်းသားပါတီတွေအတွက် ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်။ နိုင်ငံရေးစကားပြောလို့ရှိရင် ကစားကွက်ပိုရသွားမယ်။ အလုပ်လုပ်ပိုင်ခွင့် ပိုရသွားမယ်။ အဲဒီအချိန်ကျရင်လက်နက် ကိုင်ပြီးမှ ဖက်ဒရယ်ယူမှာလား။ လွှတ်တော်ထဲမှာအေးအေးဆေးဆေး ထိုင်ခုံထိုင်ပြီးတော့ ဖက်ဒရယ်ယူမှာလားဆိုတာကို သူတို့ကိုယ်တိုင် စဉ်းစားလို့ရသွားမှာပါ။ သေချာတာက PR စနစ်ကို သေသေချာချာကျင့်သုံးနိုင်မယ်။ ကျင့်သုံးတဲ့အပိုင်းလေးမှာလည်း ထိရောက်တဲ့နည်းလမ်းတွေကို သုံးစွဲနိုင်မယ်ဆိုရင် အထူးသဖြင့်တော့ အင်အားနည်းတဲ့ပါတီတွေ၊ တစ်ခါတလေကျ တချို့ကြတော့လည်းဗျာ အရည်အချင်းတော့ရှိတယ်။ လူအင်အားစုစည်းမှုအပိုင်းမှာ အားနည်းသွားလို့ ခြေစွမ်းပြခွင့်မရတဲ့သူတွေအတွက် အခွင့်အရေးတွေပိုပြီးတော့ ရသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ PR စနစ်က အရင်သုံးခဲ့တဲ့စနစ်ထက်စာရင် ပါတီတွေအတွက် တန်းတူညီမျှသောအခွင့်အရေးအားသာချက်လေးရမှာဖြစ်တဲ့အတွက်ကြောင့် ပိုကောင်းတဲ့အဖြေတစ်ခုဖြစ်လာပါလိမ့်မယ်”ဟု ယင်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရှမ်းယူနိုက်တက်အသင်း ကာဆူကာ အသင်းကို (၃) ဂိုးသွင်းယူ အနိုင်ရရှိ