၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်း YSX ၌ ရှယ်ယာစောင် ရေပေါင်း ၂ သန်းကျော်၊ တန်ဖိုး ကျပ်သန်း ၆ ထောင် ကျော်ဖိုး ရောင်းချခဲ့ရဟုဆို

၂၀၂၄ ခုနှစ်၏ ၆ လတာကာလအတွင်း YSX ၌ ရှယ်ယာစောင်ရေပေါင်း ၂ သန်းကျော်ကို တန်ဖိုးငွေ ကျပ်သန်း ၆ ထောင် ကျော်ဖိုး ရောင်းချခဲ့ရတယ်လို့ ရန်ကုန်စတော့အိပ်စ်ချိန်း(YSX)မှ သိရပါတယ်။

YSX ၏ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးမင်းသူက “၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ရှယ်ယာအစောင်ရေနဲ့ ပြောမယ်ဆိုရင်တော့ ၂ ဒသမ ၆၁ သန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်။ ကျပ်ငွေပေါင်း ၆,၇၇၉ သန်းအထိ အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်”လို့ နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလတူအချိန်နဲ့ နှိုင်းယှဉ်ပါက ယခင် ၆ လအတွင်းအရောင်းအဝယ်မှာ ကျပ်သန်း ၂၅၁၄ သန်းသာ အရောင်းအဝယ်ရှိခဲ့ပေမယ့် ယခုနှစ် ၆လအတွင်း ကျပ်ငွေ သန်း ၆ ထောင်ကျော် အရောင်းအဝယ်ဖြစ်ခဲ့သလို ၂၀၂၄ ခုနှစ်တွင် ရှယ်ယာအစောင်ရေလည်း ၁ ဒသမ ၈ သန်းကျော် ပိုမိုအရောင်းအဝယ်ဖြစ်ခဲ့ကာ ကျပ်ငွေပေါင်း ၄၂၆၅ သန်းကျော် ပိုမို အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ YSX မှ သိရပါတယ်။

လက်ရှိအချိန်တွင် YSX မှ ရှယ်ယာအရောင်းအဝယ်ပြုလုပ်နေကြတဲ့ ကုမ္ပဏီပေါင်း ၈ ခုအထိ ရှိလာနေပြီး လအလိုက် အရောင်းအဝယ်အနည်းဆုံးလမှာ ဧပြီလဖြစ်ပြီး နှစ်သစ်ကူးပွဲတော်နှင့် ရုံးပိတ်ရက်များခြင်းကြောင့် ဖြစ်ကာ ပြီးခဲ့တဲ့ ဇွန်လမှာတော့ အများဆုံးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ရှယ်ယာအရောင်းအဝယ်များအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကျပ် ၁,၀၀၈ သန်း၊ ဖေဖော်ဝါရီတွင် ၆၉၃ သန်း၊ မတ်လတွင် ၁,၃၄၂ သန်း၊ ဧပြီတွင် ၄၇၃ သန်း၊ မေလတွင် ၁,၅၅၉ သန်းနှင့် ဇွန်လတွင် ၁,၇၀၅ သန်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ ၂၀၂၄ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပ ပြုလုပ်မည်