
ဖားကန့်ရေကြီးမှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး လှေမှောက်၍ ရေစီးဖြင့် မျောပါပျောက်ဆုံးနေ
ရေကြီးရေလျှံဖြစ်ပွားနေသည့် ဖားကန့်မြို့တွင် ယမန်နေ့ ဇူလိုင်လ(၁)ရက်၊ ည(၇)နာရီအချိန်က ဒေါ်မိုးအေးဆိုသူ အမျိုးသမီး တစ်ဦးမှာ ငှက်ပျောတောရပ်ကွက် အောက်လမ်း၊ ဦးဝေလင်းအကင်ဆိုင်အနီးတွင် လှေမှောက်ရာမှ ရေစီးဖြင့် မျောပါ ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ရေစီးနှင့်မျောပါ ပျောက်ဆုံးနေသော အဆိုပါအမျိုးသမီးအား ယနေ့ ဇူလိုင်(၂)ရက်၊ မွန်းလွဲပိုင်းအချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။ “အခုထိတော့ ရှာတွေ့တယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားတာမျိုး မရှိသေးပါဘူး။ မနေ့က ညပိုင်းဖြစ်သွားတာပါ”ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်း တာဝန်ခံတစ်ဦးကပြောသည်။


ယမန်နေ့ ညပိုင်းက ဖားကန့်မြို့ပေါ်ရပ်ကွက်များရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာတွင် မြို့မရပ်ကွက် အတွင်း (၅၃၄) ဦး၊ ငှက်ပျောတောရပ်ကွက်တွင် (၇၅၀)ဦး၊ မရှီကတောင်ရပ်ကွက်တွ င် (၂၅၀)ဦးနှင့် အေးမြသာယာရပ်ကွက်တွင် (၇၂၄) ဦး စုစုပေါင်း ရေဘေးသင့်ပြည်သူ (၂၂၅၈)ဦး ရှိကြောင်း ဒေသခံ ရေဘေးကူညီရေးအဖွဲ့ တစ်ခုထံမှ သိရသည်။