တောင်ကုတ်မှာ AA ၏ ရမ်းသမ်းပစ်ခတ်မှု ကြောင့် ၃ ဘာသာ ဂုဏ်ထူးရှင် သမီးငယ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့

တောင်ကုတ်မြို့သိမ်းရန်ကြံစည်နေသော AA က ရမ်းသမ်းပစ်ခတ်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ၃ ဘာသာ ဂုဏ်ထူး ဖြင့် အောင်မြင်ထားသော သမီးငယ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသေဆုံးသူ ၂ ဦးမှာ ရခိုင်ပြည်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်းကျွန်း၊ ကံဆိပ်တောင်ကျေးရွာက ဖြစ်သည်။“ဒီနေ့ မနက်က ပစ်ခတ်ခံရတာဟုတ်ပါတယ်။ မနက် ၁၀ နာရီ ကျော်လောက်က ဖြစ်ပါတယ်။ ကျည်ဆံထိပြီး ဆုံးသွားတာပါ။ အပြင်မှာ ပြောနေကြတာက တပ်မတော်ဘက်က လေကြောင်းကနေ ဗုံးချလို့ သေတာလို့ ပြောနေကြတာ။ ဗုံးချတာကြောင့် မဟုတ်ဘူး။ ကျည်ဆံမှန်တာ”ဟု ဒေသခံတစ်ဦးက AA ပစ်ခတ်သောကျည်ထိမှန်၍ သုံးဘာသာဂုဏ်ထူးရှင်သမီးငယ် သေဆုံးရကြောင်း အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က စ၍ တောင်ကုတ်မြို့နယ်တွင် တပ်မတော်နှင့် AA အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပြီး AA ပစ်ခတ်ခဲ့သောကြောင့် တောင်ကုတ်တက္ကသိုလ် ဌာနမှူး နေအိမ်တစ်လုံးနှင့် မော်တော်ယာဉ်တစ်စီးလည်း ဇွန်လ ၁၆ ရက်က ထိခိုက် ပျက်စီးခဲ့သေးသည်။ ပြီးခဲ့သည့် ရက်ပိုင်းက တောင်ကုတ်မြို့၊ သင်္ဘောဆိပ်အနီးတွင်လည်း တပ်မတော် ဘက်ကို AA က ပစ်ခတ်ခဲ့မှုကြောင့် ဆယ်ကျော်သက် ယောင်္ကျားလေး တစ်ဦး ကွယ်လွန်ခဲ့သေးကြောင်း သိရသည်။ အဆိုပါဖြစ်စဥ်မှာ လူမှုကွန်ရက်တွင် ပျံ့နေသော်လည်း AA အနေဖြင့်လက်ရှိအချိန်အထိ ဖြေရှင်းရဲခြင်းလည်း မရှိသေးချေ။


Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေး နှင့်တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်
Next post (၁၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်