ပြည်သူက အားကိုးရသည့် ခေါင်းဆောင်များ မွေးထုတ်ပေး ရမည်

ပြည်သူက အားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ဗိုလ်လောင်းများအား မေလ ၃၀ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နည်းပြအရာရှိများအနေဖြင့် ဖြတ်သန်းလာသည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ သင်ကြားပေးစေလိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ခေါင်းဆောင်များ မွေးထုတ်နိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်၊ သင်တန်းသား များကို အလိုမလိုက်ရန် လိုအပ်သကဲ့သို့ မိမိကိုယ်တိုင်လည်း အလိုမလိုက်ကြရန်လိုကြောင်း၊ အရည်အချင်းနှင့် ပြည့်စုံသဖြင့် နည်းပြများ ဖြစ်နေကြသည့်အတွက် မိမိတတ်မြောက်ထားသည့် သင်ကြား ထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းလာသည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ စနစ်တကျ သင်ကြားပေးစေလိုပြီး အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ သင်ခန်းစာများကို အမှန်တကယ်တတ်မြောက်ပြီး လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ရန်၊ စိတ်ဓါတ်ခိုင်မာ ကောင်းမွန်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူက အားကိုးရသည့် အနာဂတ် ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်” ဟု ပြောသည်။

စစ်တက္ကသိုလ်သည် တပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝသည့် အရာရှိကောင်းများကို မွေးထုတ် ပေးနိုင်ရေး အဓိက သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ရေးနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး သင်တန်းနှစ်အလိုက် သတ်မှတ်ထားသည့် လေ့ကျင့်ရေးဆိုင်ရာများကို လိုက်နာ လေ့ကျင့်သွားကြရမှာ ဖြစ်ကြောင်း ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၁-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မူလသရုပ်ဆောင်တွေနဲ့ ရိုက်ကူးဖို့ပြင်နေတဲ့ စတုတ္ထမြောက် The Mummy ရုပ်ရှင်သစ်