ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအား နစက ဥက္ကဋ္ဌ သွားရောက်ဂါရဝပြု

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံကုတင်(၇၀၀)၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည့် မန္တလေးမြို့၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယက ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ ကျန်းမာရေးအခြေအနေကို နစက ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှတို့ သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် တာဝန်ရှိသူများလိုက်ပါ၍ မေလ (၂၉) ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ နစက ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော် ကြည်ညို၍ ဆရာတော်ကြီးအား ကျန်းမာရေး စစ်ဆေးပေးထားမှုများနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးသည့် အခြေအနေများကို ကြည့်ရှုမေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်ရေးတို့အတွက် နစက ဥက္ကဋ္ဌက တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေ သက်သာလာပြီး ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံးရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် လည်း လိုအပ်သည့် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် အတွက်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား သွားရောက် ကြည့်ရှုအားပေးစကားပြောကြား ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လာရောက်လျှောက်ထား
Next post (၃၀-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ