သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၁၉၀၀) ကျော်ကို ယခုနှစ်အတွင်း နေရာချထားဆောင်ရွက်မည်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း ၁၉၀၀ ကျော်ကို ယခုနှစ်အတွင်း နေရာချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ နေရာချထားပေးရာတွင် လာမည့် ဇွန်လတွင် အခန်းပေါင်း (၈၁၀)၊ ဇူလိုင်လတွင် (၈၆၄) ခန်း၊ ဒီဇင်ဘာလတွင် (၂၇၂)ခန်း နေရာချထားရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် နိုင်ငံတော်အတွက် အရေးပါသည့် စီမံကိန်းဖြစ်သည့်အတွက် အလေးအနက်ထား ဆောင်ရွက်ရန်၊ တိုက်အလုံး (၂၀) အား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားသွားသည်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အခန်းပေါင်း (၁၁၆၈) ခန်းအား ပြည်သူများ နေထိုင်နိုင်ရေးအတွက် အခန်းနေရာချထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အငှားအိမ်ရာ စီမံကိန်းရှိ တည်ဆောက်ပြီး အိမ်ရာများတွင် နေထိုင်ရန်အခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် အိမ်ခန်းနေရာများ ချထားပေးလျက်ရှိသည်။

ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၌ ဆောင်ရွက်လျက်ရှိသည့် Transportation Square စီမံကိန်း၊ Green City အိမ်ရာစီမံကိန်း၊ ကနောင်အိမ်ရာအပိုင်း(၂) စီမံကိန်း၊ ရိုးမရိပ်သာအိမ်ရာ စီမံကိန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းများကို ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပ်စ်တင်ဘီဘာ၏ဇနီး ပထမဆုံးရင်သွေးကိုယ်ဝန်လွယ် ထားရဟုဆို
Next post (၁၂-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်