နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် လူငယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ဧပြီလ ၂၆ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားခဲ့သည်ဟု သိရသည်။

ထိုသို့ သြဝါဒစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မောင်တို့မယ်တို့ လူငယ်များသည် ပြည့်ခွန်အားများ ဖြစ်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက်အရေးကြီးသည့် လူ့စွမ်းအားအရင်း အမြစ်များလည်းဖြစ်ကြပြီး မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေကြောင်း ပြောကြားသည်။

ထို့ကြောင့်ပင် လူငယ်မောင်မယ် များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ်ကြိုးပမ်းအားထုတ်သွား ကြရမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ် ပါဝင်နိုင်ရန်အတွက် လူငယ် များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်နှင့်ပြည့်စုံသည့် လူတော် လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း အသိပေး ပြောကြားသည်။

ထို့အပြင် ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန် စွာ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ် စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ ဥပဒေကိုသိရှိလေးစားလိုက်နာတတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာပြုမူနေထိုင်တတ်စေရန်လည်း လမ်းပြသွန်သင်ပေးသွားကြရ မည်ဖြစ်ကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၇-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ