မြစ်ကြီးနားတွင် ရှော့တိုက်ဒုံးအချို့တွေ့ရှိဟုဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့နေ့လယ်ပိုင်းက ရှော့တိုက်ဒုံးအချို့အား တွေ့ရှိ၍ သက်ဆိုင်ရာမှ သိမ်းဆည်း သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့လယ်ပိုင်းက မြစ်ကြီးနားမြို့၊ နမ့်ပေါင်လေတပ်စခန်းအနီးရှိ နေရာများ အား နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ရာမှ ရှော့တိုက်ဒုံးများ တွေ့ရှိခြင်းဟု သိရသည်။

” မနက်က နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်တယ်လို့ သတင်းတက်လာပြီး မကြာခင် အဲ့ဒီအနီးတဝိုက်ကို သူတို့ ရှာဖွေရင်းနဲ့ ရှော့တိုက်ဒုံးတွေ တွေ့တာလို့ သိရတယ်။ လေတပ်ဘက်ကို ပစ်တဲ့ရှော့တိုက်ဒုံးတစ်လုံးကလည်း မန္တလေး- မြစ်ကြီးနားကားလမ်းပေါ်ကို ကျတယ်လို့တော့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ ရှော့တိုက်ဒုံးရှစ်လုံး ထက်မနည်းအား ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် အနေအထားဖြင့် တွေ့ရှိလျက် သိမ်းဆည်းသွားခြင်းဟုလည်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးများနှင့် ပတ်သတ်၍ Northern Brothers People’s Defense Forces (NBPDF) အဖွဲ့က လူမှု ကွန်ယက်စာမျက်နှာတွင် သတင်းထုတ်ပြန်ရာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်က မြစ်ကြီးနားလေတပ်စခန်းကို ၁၀၇ မမ ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရှော့တိုက်ဒုံးအချို့ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲ ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့၍ သံဃာနှစ်ပါး အပါအဝင် လေးဦး သေဆုံးကာ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့ပြင် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့) က မန္တလေးမြို့၊ တံတားဦးလေဆိပ်အနီးတွင် ရှော့တိုက်ဒုံးခြောက်လုံးအား တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယမန်နှစ်၊ စက်တင်ဘာလမှ ယခုလအထိ ရန်ကုန်မြို့ ရှိ မှော်ဘီလေတပ်စခန်းအနီးနှင့် မန္တလေးမြို့ရှိ တံတာဦး လေတပ် စခန်းတို့အနီးတွင် ရှော့တိုက်ဒုံး ၁၅ လုံးထက်မနည်း တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွား လာမှုအများဆုံးဖြစ်ခဲ့၊ ယခင်ရာသီထက် ပိုမိုများပြား
Next post (၂၀-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ