Online မှတစ်ဆင့်ငွေကြေးလိမ်လည်မှုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူ

ရန်ကုန်မြို့တွင်အခြေပြု၍ Online မှတဆင့် ငွေကြေးလိမ်လည်မှုများပြုလုပ်နေသည့် တရုတ်နိုင်ငံသားများအပါအဝင် ၉၅ ဦးကို အောက်တိုဘာ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများပြုလုပ်နိုင်ရန် ရန်ကုန်မြို့တွင် အခြေပြု၍ ပြည်ပနိုင်ငံသားများ၏ အချက် အလက်များ ရှာဖွေစုဆောင်းကာ တစ်ဖက်လိမ်လည်သူများထံသို့ ပေးပို့ရောင်းချ လျက်ရှိကြောင်း သတင်းရရှိသည့် အတွက် လုံခြုံရေးအဖွဲ့အစည်းများမှဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Supportfix Co.,Ltd အား သတင်းအရ လုံခြုံရေး အဖွဲ့အစည်းများမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ဇူကျန်း(ခ) လောက်ဖ၊ ၃၄ နှစ်၊ (ဘ) ဦးလောက်ရှီးအပါအဝင် တရားခံ ကျား ၆၆ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်း ၈၈ ဦးတို့အား ပြည်ပနိုင်ငံသားများ၏အချက်အလက်များစုဆောင်း၍ ငွေကြေးလိမ်လည်နိုင်ရေး ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တရားခံ ဇူကျန်း(ခ)လောက်ဖ၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ Spring Line ကွန်ဒို၊ (၅)လွှာ၊ အခန်း(၅၀၁)သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျန်းယွိ၊ (၃၀)နှစ်၊ (ဘ) ဦးကျော်ရုံရွှန်း အပါအဝင် ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖော်ထုတ်ရရှိချက်များအရSupportfix Co.,Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးသူ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်း၊ Dimond Condo(၇)လွှာနေZhan Tu Co.,Ltd ပိုင်ရှင် ရန်လုံရှင်းအား သွားရောက်ရှာဖွေခဲ့ရာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သဖြင့် ရုံးခန်းဖွင့်လှစ်ထားသည့်ကမာရွတ်မြို့နယ်၊ Time City Office Tower(3)၊ (၁၅)လွှာ၊ အခန်းအမှတ်(၁၅၀၂)အား ဆက်လက်ရှာဖွေချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

ဝန်ထမ်းများအား အဖွဲ့တစ်ဖွဲ့လျှင် ၁၀ ဦးစီခန့်ဖြင့် အဖွဲ့ငယ် ၈ ဖွဲ့ ဖွဲ့စည်းထားရှိပြီး WhatsApp လူမှုကွန်ရက် မှတစ်ဆင့် ပစ်မှတ်များ ထံဆက်သွယ်၍ အချက်အလက်များ ရယူလေ့ရှိကြောင်း၊ ရရှိသည့်အချက်အလက်များအား စုဆောင်း ၍ ငွေကြေး လိမ်လည်မည့် အခြားအဖွဲ့များသို့ ပြန်လည်ရောင်းချခြင်း များပြုလုပ်လျက် ရှိကြောင်း စိစစ်တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၃ ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံး တမီလ်ရုပ်ရှင် ဖြစ်လာတဲ့ Thalapathy Vijay ရဲ့ ရုပ်ရှင်သစ် Leo
Next post ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို သက်ဆိုင်ရာက ထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်