မြဝတီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးများအတွက် ထောက်ပံ့ကြေး ပေးအပ်

ကရင်ပြည်နယ်၊မြဝတီမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂) နှစ်အောက်ကလေးများအား ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်)လ များအတွက်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံ နက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ပေးအပ်ပွဲတွင် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းက ထောက်ပံ့ကြေးပေးအပ်ရခြင်း နှင့်  စပ်လျဉ်း၍  ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား အာဟာရပြည့်ဝပြီး  ဉာဏ်ရည်ဖွံ့ဖြိုး စေရန်  အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် အဟာရပြည့်ဝမှသာ ကျန်းမာသန်စွမ်း သည့် ရင်သွေးများ  မွေးဖွားနိုင်မည်ဖြစ် ကြောင်း အမှာစကား ပြောကြားပေးသည်။

အဆိုပါထောက်ပံ့ကြေး ပေးအပ်ခြင်းကို အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင် (၁၂) ဦးအတွက် ငွေကျပ် ငါးသိန်းလေး သောင်းနှင့် အသက်(၂) နှစ်အောက်ကလေး (၄၂) ဦးအတွက် ငွေကျပ်  တစ်ဆယ်ခုနှစ်သိန်းလေးသောင်း  စုစုပေါင်းငွေကျပ် နှစ်ဆယ်နှစ်သိန်းရှစ်သောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် လည်း ထောက်ပံ့ကြေးများ  ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်းမှ အကြမ်းဖက်သမား များ သိုဝှက်ထားသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိ
Next post Water Wave World မော်လမြိုင်မှာ Anonimus အတူ ဖျော်ဖြေခဲ့သော DJ Moon