ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူ

မဲခေါင်ဒေသတွင်း (၅) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ၊ ကူမင်းမြို့တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးတွင် လက်ရှိဥက္ကဋ္ဌ ဖြစ်သည့် လာအိုဝန်ကြီးချုပ်က အလှည့်ကျ ဥက္ကဋ္ဌ တာ၀န်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ – ကျောက်ဖရား -မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)ကို လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံ ၊ ပုဂံမြို့တွင် စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး လက်ရှိတွင် (၂၁) နှစ် ရှိပြီဖြစ်ကာ အဖွဲ့ဝင် (၅) နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို (၄) နှစ်တစ်ကြိမ် တာဝန်ယူကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အက်မက်စ် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ မှရရှိသည့်အကျိုးကျေးဇူးများကို အက်မက်စ်အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်ရန်အတွက် ယခင်ဖွံဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သကဲ့သို့ အခြေခံကျသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲဖော်ဆောင်ခြင်းဖြင့်လည်းထိရောက်စွာကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများအောက်တွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ အကောင်အထည် ဖော်ခြင်းနှင့် စိန်ခေါ်မှုများ ဖြေရှင်းခြင်းတို့ကို အက်မက်စ်အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်း အင်အားနှင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အက်မက်စ် ပူးပေါင်းဆောင်ရွက်မှုကို ယခင်ဥက္ကဋ္ဌများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ပြီးပြည့်စုံ၍ ဖွံ့ဖြိုးတိုးတက်သည့် အက်မက်စ်ဒေသ တစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်ရေး ရှေ့ဆက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ကတိပြု ပြောကြားခဲ့သည်။

ဥက္ကဋ္ဌ အသစ်တာဝန်ကို စတင်ထမ်းဆောင်သည့်အခါ မိမိအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် အက်မက်စ်ပူးပေါင်းဆောင်ရွက်မှု၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအား လုံး၏ အမြော်အမြင် ကြီးမားမှု၊ ပံ့ပိုးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တို့ကို ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကဆိုသည်။

(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး ကို မဲခေါင် နိုင်ငံများ၏ နယ်စပ်ဒေသများတွင် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရန်၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အခွင့်အလမ်း ပိုမိုကောင်းမွန်သည့် ဒေသများသို့ ပြောင်းရွှေ့ရာ၌ အထောက်အကူပြုရန်၊ အလု ပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး အဖွဲ့ဝင်နိုင်ငံများအကြား ဝင်ငွေကွာဟမှုကို လျှော့ချရန်နှင့် အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ညီတူညီမျှသာယာဝ ပြောရေးတို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းဖြင့် တိုးမြှင့် ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီးလာမည့် အက်ခ်မက်ထိပ်သီး အစည်းအဝေးကို မြန် မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီး ပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphan done ၊ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို နစက ဥက္ကဋ္ဌတက်ရောက်
Next post (၈-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်