မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသော်လည်း ဒေသအလိုက် မိုးကြီးခြင်းများ ဆက်ဖြစ်နေမည်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၂၁၀ မိုင်ခန့်ကို ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်း လာနိုင်သည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြု နိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးနှိုးဆော်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၂-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ဖို့အတွက် အဂတိ တရားလေးပါးနဲ့ ဘက်လိုက်ခြင်းကင်းတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်ဖို့ ဖိတ်ခေါ်