ရာဂီမုန်တိုင်းဒဏ်တွေ့ကြုံခဲ့ရသော မြန်မာပြည်သူများကို စင်ကာပူဒေါ်လာ ၅ သိန်းတန်ဖိုးရှိ အကူအညီပေးရေးပစ္စည်း များ ပေးပို့ကူညီမည်ဟု SRC ပြော

စင်ကာပူကြက်ခြေနီအဖွဲ့ (SRC) သည် ရာဂီမုန်တိုင်း၏ သက်ရောက်မှုများကို တွေ့ကြုံခဲ့ရသော အာဆီယံဒေသအတွင်းရှိ နိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ကူညီသွားမည်ဖြစ်ရာ မြန်မာပြည်သူများအတွက် စင်ကာပူ ဒေါ်လာ ၅ သိန်းတန်ဖိုးရှိ အကူအညီပေးရေးပစ္စည်းများ ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူပေါင်းအနည်းဆုံး ၂၉၃ ဦးသေဆုံးခဲ့ကာ စပါးစိုက်ခင်းနှင့် အခြားသီးနှံ စိုက်ခင်း ၂၇၀၀၀၀ ဟတ်တာနီးပါး ရေကြီးမှုကြောင့် ပျက်စီးခဲ့ရကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့ကလည်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောရေကြီး၊ မြေပြိုမှုများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူ အညီလိုအပ်နေသူအရေအတွက် ၆၃၀၀၀၀ ကျော် ရှိနေကြောင်း ပြီးခဲ့သော ရက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

စင်ကာပူ ကြက်ခြေနီအဖွဲ့ Singapore Red Cross (SRC) သည် မြန်မာနိုင်ငံသို့ အကူအညီပေးရေးပစ္စည်းများ လွှဲပြောင်း ပေးပို့ ကူညီနိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်နေပြီး စင်ကာပူဒေါ်လာ ၅ သိန်းတန်ဖိုးရှိ အကူအညီ ပေးရေးပစ္စည်းများ ကူညီသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

SRC အဖွဲ့က ” မြန်မာနိုင်ငံကို ပေးပို့ကူညီပေးမယ့် အကူအညီပေးရေးပစ္စည်းတွေထဲမှာ ရေသန့်၊ အစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ ပါဝင်မှာဖြစ်တယ်။ ရေကြီးမှုဒဏ်ကို အဓိကတွေ့ကြုံခဲ့ရသူတွေကို ပံ့ပိုးကူညီသွားမယ်။ မြန်မာနိုင်ငံက ရေကြီးခဲ့တဲ့ဒေသတွေမှာ သောက်သုံးရေ ဘေးကင်းမှုမရှိတဲ့အတွက် လာမယ့်သီတင်းပတ်တွေမှာလည်း သောက်သုံးရေတွေ ပေးပို့ကူညီမယ်” ဟု သတင်းထုတ်ပြန်ထားသည်။

စင်ကာပူကြက်ခြေနီအဖွဲ့သည် မုန်တိုင်းဒဏ်ခံခဲ့ရသော လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ကိုလည်း လူသားချင်းဆိုင်ရာစာနာမှု အကူအညီများ ပေးပို့ကူညီသွားမည်ဖြစ်ပြီး တစ်နိုင်ငံကို စင်ကာပူဒေါ်လာ ၅သိန်းတန်ဖိုးရှိအကူအညီပေးရေးပစ္စည်းများ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၀-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ