မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်သော နေပြည်တော် ၊ကျိုက်ထို၊ ပျော်ဘွယ်၊ ဟိုပုံးမြို့နယ် တို့တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည် တော်ဝန်းကျင်တွင် ၈ ရက်နေ့ တွင် နေရာကျဲကျဲ၊ ၉ ရက်နေ့တွင် နေရာစိပ်စိပ်၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယနေ့တွင် မိုးရေချိန် အနည်းဆုံး ၀ ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မ အထိရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများအဆက်မပြတ် မြင့်တက်လျက်ရှိသည်။

ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက် မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး တပ်ကုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ရေများ မြင့်တက်လာခဲ့မှုကြောင့် ဘုရင့်နောင်ရပ်ကွက်၊ အနော်ရထာရပ်ကွက်နှင့် ကျေးရွာ အချို့တွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခြင်း၊ တံတားအချို့ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အချို့နေရာ များတွင် ရေကျော်ခြင်းများဖြစ်ပေါ်လျက် ရှိသည်။

အလားတူ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခြင်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း တစ်လျှောက် ရေကျော်မှုများ ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူနှင့် တိရိစ္ဆာန်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး သက်ဆိုင်ရာ နေပြည်တော် ကောင်စီ၊ မြို့နယ်၊ ရပ်ကွက်များနှင့် ကျေးရွာများအလိုက် တာဝန်ရှိသူများ၊ တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်း အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ ရေကျော်မှုဖြစ်ပွား ခဲ့သည်။ အဆိုပါ ကားလမ်းရေကျော်နေမှုကြောင့် ယာဉ်များပုံမှန် သွားလာနိုင်ရေး၊ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ရေလမ်းကြောင်း ပြသရန် အတွက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထို့အတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၇)ရက်နေ့မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကဒတ် ချောင်းရေမြင့်တက်လာကာ ကျိုက်ထိုမြို့၊ ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေအိမ်များ အတွင်းသို့ ရေများဝင်ရောက်ခဲ့ရာ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရာ ချထားပေးကြောင်း သိရသည်။

ထို့အပြင် ပျော်ဘွယ်မြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ပျော်ဘွယ်မြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကျောင်းကုန်း ကျေး ရွာအနီး ရန်ကုန်-မန္တလေး မီးရထား သံလမ်း မိုင်တိုင်အမှတ်(၂၈၅/၅ နှင့် ၂၈၅/၉)အကြား၊ အမှတ်(၁) သံလမ်းပေါ်ရှိသံဘောင်တံတား ထောက်တိုင်မှာ ရေတိုက် စားမှုကြောင့် ပြုတ်ထွက်သွားသဖြင့် မီးရထား လိုင်းများပြေးဆွဲခြင်းကို ယာယီရပ်နား ထားကြောင်း၊ မီးရထားများပုံမှန် ပြေးဆွဲနိုင်ရန် အတွက်သံဘောင် တံတားအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ အခြေခံပညာ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရကြောင်း သိရသည်။

ထိုသို့ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် နေရာများသို့ ဒေသအလိုက် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ တပ် မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက ကူညီ ကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တက်တက်ကြွကြွ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ချောင်းများအတွင်း ရေ ကြီး ရေလျှံမှုများဖြစ်ပေါ် လာ နိုင်သဖြင့် မြစ်ချောင်းများတစ်လျှောက်ရှိ မြေနိမ့်ပိုင်း ဧရိယာများနှင့် ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်နိုင်ရေး အသိပေးနှိုးဆော်တိုက်တွန်း ထားကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၂-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ