ဈေးဝယ်စင်တာနှင့် စူပါမားကတ်များတွင် သတ်မှတ်ဈေးဖြင့် ဆန်များစတင်ရောင်းချနေပြီး တစ်ပြည်ချင်းမှ အိတ်လိုက်ပါ ရောင်းချပေးနေ

ဈေးဝယ်စင်တာနှင့် စူပါမားကတ်များတွင် ယမန်နေ့ကစတင်၍ သတ်မှတ်ဈေးနှုန်းများဖြင့် ဆန်များစတင်ရောင်းချနေပြီး တစ်ပြည်ချင်းမှစ၍ အိတ်လိုက်ပါ ရောင်းချပေးနေကြောင်း သိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက သင့်တင့်မျှတသော ရည်ညွှန်းဈေးများ ဖြစ်သည့် ‌ရွှေဘိုပေါ်ဆန်းဆန် တစ်ကီလိုလျှင် ကျပ် ၃၅၀၀ မှ ကျပ် ၃၈၀၀ အတွင်း၊ ဧရာဝတီပေါ်ဆန်းဆန် တစ်ကီလိုလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၃၃၀၀ အတွင်း၊ ရက် ၉၀/ အထူးဧည့်မထများ တစ်ကီလိုလျှင် ကျပ် ၂၂၀၀ မှ ကျပ် ၂၅၀၀ အတွင်း ရောင်းချရန် ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြိုတွင်းရှိ ဈေးဝယ်စင်တာနှင့် စူပါမားကတ်များတွင် အဓိကရောင်းချပေးနေသည့် ပေါ်ဆန်းဆန် အမျိုးအစားများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေပြီး ရွှေဘိုပေါ်ဆန်းဆန် ၅ ကီလိုတစ်အိတ်လျှင် ကျပ် ၁၉,၀၀၀ (ရည်ညွှန်းဈေး တစ်ကီလို ကျပ် ၃၈၀၀)ဖြင့် ရောင်းချပေးနေကြောင်း သိရှိရသည်။

“မနေ့က စရောင်းပေးတာ။ အရင်က ပစ္စည်းပြတ်သွားလို ရပ်သွားတာတွေရှိတယ်။ မနေ့ကစပြီး တစ်ပြည်ချင်းသမားတွေ အတွက်ပါ တစ်ခါတည်းချိန်ပြီး ရောင်းပေးနေတယ်။ အိတ်လိုက်လိုချင်သူတွေအတွက်လည်း အ‌ရှေ့မှာထားပေးထားတယ်” ဟု စူပါမားကတ်မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်ကျော်မှစတင်၍ ရန်ကုန်မြိုတွင်းရှိ ဈေးဝယ်စင်တာ၊ စူပါမားကတ်နှင့် မီနီမားကတ်များတွင် အဓိက ရောင်းချသည့် ပေါ်ဆန်းဆန်နှင့် အိန္ဒိယနိုင်ငံမှတင်သွင်းသည့်ဆန်များ ဝင်ရောက်မှုမရှိသဖြင့် ဆန်ရောင်းချရန် ပစ္စည်း ပြတ်လပ်ခဲ့သည့်အတွက် ရောင်းချမှုများ ယာယီရပ်ဆိုင်းခဲ့ရသည်။

အစိုးရမှ သတ်မှတ်ရည်ညွှန်းဆန်ဈေးနှုန်း ထုတ်ပြန်သည့် ၂၆ ရက်မတိုင်မီကတည်းက ဆန်များပစ္စည်း ပြတ်လပ်၍ ‌ယာယီရပ်ဆိုင်းခဲ့ရမှုအပေါ် ပြည်ပရောက် Exile မီဒီယာများက SAC အစိုးရက ဆန်ဈေးနှုန်းသတ်မှတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ရန်ကုန်မြိုရှိ စူပါမားကတ်နှင့် ဈေးဝယ်စင်တာတချိုတွင် ဆန်ရောင်းချမှုအားလုံး ရပ်ဆိုင်းထား ဖြစ်ကြောင်းအပြင် အမြင့်ဈေးနှုန်းဖြင့် ဝယ်ထားသည့်ဆန်များကို အရှုးခံမရောင်းလိုခြင်းနှင့် ဝင်ရောက်စစ်ဆေးပြီး ပြဿနာရှာမည်ကိုစိုးရိမ်၍ ဆန်ရောင်းချမှုကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း မဟုတ်မမှန် ရေးသားဖော်ပြခဲ့ကြသော်လည်း ယခု ပိုမိုသက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလာခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီပေါနှင့် လားရှိုးအစပ်ရှိ မန်ဆန်ရေကျ ကြိုးတံတား ကျိုးကျ
Next post တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းနေမှုကြောင့် မြို့နယ် အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်