ပထမနေ့မှာတင် အဖွင့်လှသွားခဲ့တဲ့ အိန္ဒိယ sci-fi ရုပ်ရှင် Kalki 2898 AD

ဒါရိုက်တာ Nag Ashwin ရိုက်ကူးပြီး နာမည်ကြီးအိန္ဒိယသရုပ်ဆောင်တွေဖြစ်ကြတဲ့ Prabhas, Amitabh Bachchan နဲ့ Deepika Padukone တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Telugu စကားပြော ဘတ်ဂျက်မြင့် Tollywood ရုပ်ရှင် Kalki 2898 AD ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကနေစတင်ကာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။

Kalki 2898 AD ဟာ အိန္ဒိယရုပ်ရှင်သမိုင်းမှာ အိန္ဒိယရူပီး ၆ ဘီလျံ (ကုဋေ ၆၀၀) အထိ အသုံးပြုထားတဲ့ ဘတ်ဂျက်အများဆုံး ရုပ်ရှင်တစ်ကားဖြစ်နေပြီး အနောက်နိုင်ငံတွေအထိပါ ပရိုမိုးရှင်းဆင်းကာ နေရာယူထိုးဖောက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

ရင်းမြစ်အများစုရဲ့သတင်းအရ Kalki 2898 AD ဟာ ပထမဆုံးနေ့မှာတင် ပြည်တွင်းပြည်ပရုံတင်ငွေစုစုပေါင်း အိန္ဒိယရူပီး ၁.၈ ဘီလျံ (၁၈၀ ကုဋေ) ကျော်ကျော် ရရှိနေကြောင်းသိရပါတယ်။ ဒါဟာ ပထမနေ့ပွဲထွက်လှခဲ့တဲ့ အိန္ဒိယရုပ်ရှင်တွေဖြစ်တဲ့ KGF 2, Salaar, Leo, Saaho နဲ့ Jawan တို့ရဲ့ ပထမနေ့ရုံတင်ဝင်ငွေပမာဏကို ကျော်လွန်ခဲ့တာဖြစ်ပါတယ်။

Kalki 2898 AD ဟာ ဘာသာရေးနဲ့ ခေတ်လွန်သိပ္ပံပညာကို ရောစပ်ရိုက်ကူးထားတဲ့ ကန်ဒေါ်လာ ၇၅ သန်းကျော် အသုံးပြု ထားတဲ့ ဘတ်ဂျက်မြင့်တောင်ပိုင်းရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကုရုခေတ္တရာစစ်ပွဲအပြီးကနေ သက္ကရာဇ် ၂၈၉၈ ခုနှစ်အတွင်း နှစ်ခြောက်ထောင်ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အချိန်ကာလကြာမြင့်လာချိန်မှာ လူသားတွေဟာ အစာရေစာရှားပါးမှုနဲ့ သေကျေပျက်ဆီးမှုဒဏ်ကို ပိုမိုရင်ဆိုင်လာရတာဖြစ်ပြီး ဒီလိုကပ်ဆိုက်ကာလကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ပြသသွားမှာပါ။

Kalki 2898 AD မှာ တောင်ပိုင်းရဲ့ A-list အဆင့် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Prabhas (Salaar, Bãhubali) နဲ့ Kamal Haasan (Indian, Vikram) အပါအဝင် Bollywood A-list အဆင့် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Amitabh Bachchan, Deepika Padukone (Pathaan, Om Shanti Om) နဲ့ Disha Patani (Kung Fu Yoga) တို့ အဓိကပါဝင်ထားကြတာဖြစ်ပြီး Prabhas က Kalki ရဲ့ alter ego တစ်ယောက်ဖြစ်တဲ့ Bhairava အဖြစ်၊ Amitabh Bachchan က ကျိန်စာကြောင့် မသေမျိုးဖြစ်နေရတဲ့ Ashwatthama အဖြစ်၊ Kamal Haasan က Kalki ရဲ့ ရန်သူဖြစ်လာမယ့် Kali မိစ္ဆာအဖြစ်နဲ့ Deepika Padukone က Padma အဖြစ် ပါဝင်ထားကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post သီပေါနှင့် လားရှိုးအစပ်ရှိ မန်ဆန်ရေကျ ကြိုးတံတား ကျိုးကျ