နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာအခမ်းအနားကျင်းပ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များထံ နိုင်ငံတော်အဆင့် အဆောင် အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာ ဓမ္မသဘင်၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော်သန့်ရှင်း၊တည်တံ့၊ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူဆောင်ရွက် နေသည့်ကာလတွင် သာသနာရေးဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်းသည့် သာသနာ့ တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူ နိုင်ကြပါစေရန်ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံခြင်း ဖြစ်ကြောင်း ယင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက် သစ် မဟာနာယကဆရာတော်ကြီးတို့ထံသို့ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များကို အသီးသီး ဆက်ကပ်အပ်နှံခြင်း၊လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အနုပညာရှင်များနဲ့ ဖွင့်လှစ်ခဲ့တဲ့ Elegant Youth Luxury Lounge
Next post (၁၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်