နေပြည်တော်ရှိ အေလာလေတပ်စခန်းအနီးတွင် ရှော့တိုက်ဒုံး အချို့အား တွေ့ရှိဟုဆို

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အေလာ​လေတပ်စခန်းအနီးတွင် ယနေ့နံနက်ပိုင်းက ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးအချို့နှင့် ပေါက်ကွဲထားသည့် ရှော့တိုက်ဒုံးခွံအချို့တို့ကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံနက် ၅နာရီဝန်းကျင်က လယ်ဝေးမြို့နယ်၊ အေလာလေတပ်စခန်းအနီး၊ အေလာကျေးရွာအုပ်စု၊ ရေလည်ကွေ့ကျေးရွာနှင့် ကမ္ဘာရှမ်းကျေးရွာအကြားရှိ တောင်ယာတဲအနီးတွင် ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးသုံးလုံးနှင့် ပေါက်ကွဲထားသည့် ရှော့တိုက်ဒုံးခွံလေးခုတို့အား တွေ့ရှိရကြောင်း သိရသည်။

” ပေါက်ကွဲသံ အကျယ်ကြီးကြားလို့ ပေါက်ကွဲသံကြားတဲ့နေရာကို သွားကြည့်တော့ ရှော့တိုက်ဒုံးတွေ ၊ ပစ်ခတ်ပြီးသာ အခွံတွေ တွေ့ရတာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ အဆိုပါရှော့တိုက်ဒုံးများအား ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအဖွဲ့များက လာရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် မည်သည့်နေရာအား ကျရောက်ပေါက်ကွဲခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောကြားသည်။

ရှော့တိုက်ဒုံးများအား တွေ့ရှိမှုနှင့် ပတ်သတ်၍ Mountain Knights Civilian Defense Force ဆိုသည့်အဖွဲ့က ၄င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ထားရာတွင် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်အချိန်က အေလာလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးကို အောင်မြင်စွာပစ်ခတ်ခဲ့ရာ လေတပ်အတွင်းရှိသူ အချို့ ထိခိုက်ဒဏ်ရာရကြောင်း ကနဦး သိရပြီး အတိအကျကို ဆက်လက်စုံစမ်းနေဆဲဟု ဆိုသည်။ ထိုသို့ ပြောကြားမှုနှင့် ပတ်သတ်၍ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ဧပြီ ၄ ရက်ကလည်း နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်တို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG က ပြောကြားပြီး ထိုဖြစ်စဉ်အပေါ် နစက,က သတင်းထုတ်ပြန်ရာတွင် နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် တို့သို့ ဝင်ရောက်လာသည့် ဒရုန်းများအား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၂-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်