စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း နှင့် အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း နစက ဉက္ကဋ္ဌပြောကြား

စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပပြုလုပ် သည့် ၂ဝ၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုရလာဒ်သည် စာပေမှ ရသည့် အသိပညာ၊ အတတ်ပညာများကြောင့်ဖြစ်သည့်အပြင် ခေတ်မှီနိုင်‌ငံတော် တည်ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားများ၏ ပညာနှင့် တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားရန် အထူး အရေးကြီးကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်ဆရာကြီး၊ ဆရာမကြီး များ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊စာပေဝါသနာရှင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်အတွက် “အမျိုးသားစာပေတစ်သက်တာဆု” ကို စာပေပညာရှင်ကြီး (၄) ဦးအား ရွေးချယ်ချီးမြှင့်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း (၇၅၄) အုပ်ထဲမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထား သည့် ဘာသာရပ် (၁၉) မျိုးအနက် ဘာသာရပ် (၁၁) မျိုးကို စိစစ်ရွေးချယ်ခဲ့နိုင်ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ (၂၇၇) ခုထဲမှ ဘာသာရပ် (၁၃) မျိုးစလုံးအတွက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း (၂၉) ခုကို ရွေးချယ်ကာ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၂ ခုနှစ်၊ အမျိုးသားစာပေ တစ်သက်တာဆု ရရှိကြသည့် စာပေပညာရှင် ဆရာကြီး ဒေါက်တာ ထွန်းတင့် (ဒေါက်တာထွန်းတင့်-မြန်မာစာ)၊ စာပေ ပညာရှင်ဆရာကြီး ဒေါက်တာ ချစ်စံ(ချစ်စံဝင်း)၊ စာပေပညာရှင် ဆရာမကြီး ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာ သန်းဦး(ပြည်စိုးမင်း) ကို ယ်စား သန်းဦးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးအေးကြိုင် တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဒေါက်တာထွန်းတင့် (မြန်မာစာ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)က ပေးပို့သည့် ကျေးဇူးတင်လွှာအား အခမ်းအနားမှူးက ဖတ်ကြားတင်ပြခဲ့‌သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တခြားသူအဆင်ပြေနေတာမြင်ရင် မနာလိုတတ်တဲ့ပုံကို “ယုံတမ်း” ဇာတ်လမ်းတွဲမှာ အကောင်းဆုံးပုံဖော်ထားတယ် ဆိုတဲ့ ခြူးလေး
Next post နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ်ပရာမြို့၊ နှစ်ခြင်း အသင်းတော် ၇၅ နှစ်မြောက်၊ စိန်ရတု နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ