လားရှိုးရှိ စစ်ဘေးရှောင်များကိုငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

ရှမ်းမြောက် တိုက်ပွဲများကြောင့် လားရှိုးမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများကို နစက ဥက္ကဋ္ဌနှင့် ဇနီးမှ သွားရောက်တွေ့ဆုံကာ အလှူငွေ ကျပ်သိန်း ၅၀၀၀ နှင့် အဝတ်အထည်များအပါအဝင် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌနှင့် ဇနီး သည် ယနေ့ ဒီဇင်ဘာ (၁၀) ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက် တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့်အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌနှင့် ဇနီး တို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုကာ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ အတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို လှူဒါန်းခဲ့သည်။

စစ်ဘေးရှောင်များအား ၎င်းတို့၏ နေရပ်များသို့ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စစ်ဘေးရှောင်များ အနေဖြင့်လည်း မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်မှာ ကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းမြောက် တိုက်ပွဲများကြောင့် လားရှိုးမြို့ပေါ်သို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက်ရှိပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များအဆင်ပြေစေရန် အစိုးရ၊ တပ်မတော်တို့မှ ဦးဆောင်၍ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ (၂၇) ရက်မှစ၍ MNDAAI TNLA၊ AA အဖွဲ့တို့နှင့် PDF ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သော ကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုများအနေဖြင့် လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်ရလျက်ရှိကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Grand Myanmar 2024 အဖြစ် ၁၇ နှစ်အရွယ် အလှမယ်လေး သဲစုငြိမ်း ရွေးချယ်ခံရ
Next post နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဓမ္မရာဇက စေတီတော်ကြီး ထီးတော်၊ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် အသစ် လှူဒါန်းပူဇော်မည်