၂၀၂၃ ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံး တမီလ်ရုပ်ရှင် ဖြစ်လာတဲ့ Thalapathy Vijay ရဲ့ ရုပ်ရှင်သစ် Leo
တမီလ်သရုပ်ဆောင် Thalapathy Vijay ရဲ့ action ရုပ်ရှင်သစ် Leo ဟာ ဝင်ငွေအမြင့်ဆုံးအနေအထားမှာ ရောက်ရှိ နေတယ်လို့ မှတ်ချက်ပြုရတော့မှာဖြစ်ပါတယ်။
Leo ကို အောက်တိုဘာ ၁၉ ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့တာဖြစ်ပြီး ပထမ ၇ ရက်တာကာလအတွင်းမှာတင်ပဲ ပြည်တွင်းပြည်ပရုံတင်ငွေစုစုပေါင်း အိန္ဒိယရူပီး ၄၆၁ ကုဋေ (အိန္ဒိယရူပီး ၄.၆၁ ဘီလျံ) အထိ ရရှိနေကြောင်း Leo ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Seven Screen Studios ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဒါဟာ Thalapathy Vijay ရဲ့ ၂၀၂၃ ထုတ် အခြားရုပ်ရှင်ဖြစ်တဲ့ Varisu ရဲ့ ရုံတင်ငွေရရှိမှုထက် ပိုမိုများပြားတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။
ယခုနှစ် ၂၀၂၃ မှာ ရုံတင်ပြသခဲ့တဲ့ တမီလ်စကားပြော Kollywood ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင် Rajinikanth ရဲ့ Jailer က အိန္ဒိယရူပီး ၅၂၅ ကုဋေ (အိန္ဒိယရူပီး ၅.၂၅ ဘီလျံ) နဲ့ ၂၀၂၃ ရဲ့ ဝင်ငွေအကောင်းဆုံး တမီလ်ရုပ်ရှင်အဖြစ် နေရာယူနေပြီး Leo ကတော့ Jailer ရဲ့ အောက်မှာ ဒုတိယအဆင့်နေရမှာရှိနေပါတယ်။ နာမည်ကြီးတမီလ်ရုပ်ရှင် PS-II (Ponniyin Selvan II) ကတော့ တတိယအဆင့်၊ Varisu က စတုတ္ထအဆင့်နဲ့ Ajith Kumar ရဲ့ Thunivu ကတော့ ပဥ္စမအဆင့် စသဖြင့် အသီးသီးနေရာယူထားပါတယ်။
Leo အနေနဲ့ Jailer ကို ကျော်တက်ပြီး ၂၀၂၃ ရဲ့ ဝင်ငွေအကောင်းဆုံး တမီလ်ရုပ်ရှင်အဖြစ် နေရာယူသွားနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
ဟောလိဝုဒ်ရုပ်ရှင် A History of Violence ကို မူပိုင်ခွင့်ဝယ်ယူကာရိုက်ကူးထားတဲ့ Leo ကို နာမည်ကျော် တမီလ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Lokesh Kanagarj က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Thalapathy Vijay က ဇာတ်ကောင်စရိုက်နှစ်နေရာကနေ ပါဝင်ထားသလို တမီလ်သရုပ်ဆောင် Arjun နဲ့ Bollywood သရုပ်ဆောင် Sanjay Dutt တို့က ဗီလိန်နေရာကနေ ပါဝင်ထားကြပါတယ်။
ရုံတင်ပြသအပြီးမှာတော့ Leo ကို Netflix မှာ OTT စနစ်နဲ့ ဖြန့်ချိပြသမှာပါ။