မြေသယံဇာတ၊ရေသယံဇာတ အခြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံအတွက်ထုတ်လုပ်မှုနည်းပါးခြင်းမှာမဖြစ်သင့်ဟု နစက ဥက္ကဋ္ဌဆို

ဝယ်လိုအားနှင့်ရောင်းလိုအားမျှတမှုမရှိခြင်းကြောင့် အခြေခံစားသောက်ကုန်များဈေးနှုန်းကြီးမြင့်ရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
စားရေရိက္ခာဖူလုံရန် မြန်မာနိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်သည့် ရေမြေသယံဇာတများ ပေါများစွာရှိပြီး အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များလည်းရှိပြီးဖြစ်သည်ဟု ဆိုသည်။
“ဒါပေမယ့် စားရေရိက္ခာထုတ်လုပ်မှုနဲ့ပတ်သက်ရင် ဝယ်လိုအားနဲ့ရောင်းလိုအားမျှတမှုမရှိတာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ များပြားတာတွေကြောင့် ရှိသင့်တဲ့ကုန်ဈေးနှုန်းထက် ကြီးမြင့်နေတာကိုတွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။
ဝယ်လိုအားနှင့်ရောင်းလိုအား မျှတမှုမရှိခြင်းကြောင့် အခြေခံစားသောက်ကုန်များဈေးနှုန်းကြီးမြင့်ရခြင်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့် မြေသယံဇာတ၊ရေသယံဇာတ အခြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံအတွက် ထုတ်လုပ်မှုနည်းပါးခြင်းမှာမဖြစ်သင့်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၁၄ ဒသမ ၉ သန်းရှိပြီး ၆ သန်းကျော်သာ သီးထပ်စိုက်ပျိုးကာ မိုးစပါးစိုက်ပျိုးပြီးသည့်အချိန်တွင် ပဲ၊ပြောင်း၊နှမ်း၊နေကြာနှင့်အခြားသီးနှံများကို စိုက်ပျိုးကြပြီး ကျန်ရှိသည့် ၇ သန်းကျော်တွင် သီးထပ်များစိုက်ပျိုးခြင်းမရှိသည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါ စိုက်ပျိုးခြင်းမရှိသည့် တိုင်းနှင့်ပြည်နယ်များတွင် အခြေခံရေသယံဇာတများလုံလောက်စွာရှိသော်လည်း စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ခြင်းမရှိသည်ကိုတွေ့ ရှိရကာ စိုက်ပျိုးရေများရရှိရေးကြိုးပမ်းဆောင်ရွက်ပြီး မြေကိုအကျိုးရှိစွာအသုံးချနိုင်ပါက စားရေရိက္ခာများဖူလုံပြည့်ဝလာမည်ဟု ဆိုသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့်ကုန်ကြမ်းပစ္စည်းများအပေါ်မူတည်၍ ပြည်တွင်းစားသုံးမှုနှင့်ပြည်ပပိုကုန်များတိုးတက်ရရှိလာမည်ဖြစ်ကာ လယ်ယာကဏ္ဍကြီး၊စက်မှုကဏ္ဍကြီးနှင့်ဝန်ဆောင်မှုကဏ္ဍကြီးများတိုးတက်လာမည်ဟု ဆိုသည်။
ထိုပြင် သစ်တောစိုက်ပျိုးရန် ခွင့်ပြုထားသည့် အချိုမြေနေရာများ၌ သစ်ပင်သစ်တောများကို မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိဘဲ ယခင်ကခွင့်ပြုခဲ့သည့် စိုက်ပျိုးမြေများပေါ်တွင်အမှန်တကယ်စိုက်ပျိုးခဲ့ပါက ယခုအချိန်တွင် သစ်ထုတ်လုပ်မှုများဆောင်ရွက်၍ ပြည်ပသိုတင်ပိုရောင်းချနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးကိုအထောက်အကူပြုနိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
ဇူလိုင် ၂ ရက်နံနက် ၉ နာရီခွဲ၌ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ညီနောင်အသင်းအဖွဲများမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြိုတွင်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကဏ္ဍအလိုက်ဆွေးနွေးစဥ် ထည့်သွင်းပြောကြားခဲ့သည်များဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၇-၂၀၂၃) နိုင်ငံတကာသသတင်းအနှစ်ချုပ်
Next post ဗြိတိန်၊ နေတိုးထိပ်သီးအစည်းအဝေးနှင့် ဖင်လန်နိုင်ငံသို့ ဘိုင်ဒင် သွားရောက်လည်ပတ်မည်