နစက ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းအစိုးရ ဖိတ်ကြား

ထိုင်းနိုင်ငံသည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် SAC အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားထားကြောင်း ထိုင်းအစိုးရနှင့် နီးစပ်သူများက ပြောသည်။

ထိုင်းနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇွန်လတွင်တည်ထောင်ခဲ့သော BIMSTEC အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး အဆိုပါ BIMSTEC အဖွဲ့သည် ဒေသအတွင်း ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ငါးလုပ်ငန်း၊ လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမိုကောင်းမွန် အောင်ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသောအဖွဲ့စည်းဖြစ်သည်။

BIMSTEC အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် အိန္ဒိယ၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်တို့ ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရသည်။ ထိုင်းအစိုးရအဖွဲ့ နှင့်နီးစပ်သူတစ်ဦးက SAC အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ခေါင်းဆောင်များအားလုံးကို အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားထားကြောင်း ပြောသည်။

ထို့အတူ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်မည်ဟု အတည်ပြုထားသော ခေါင်း ဆောင်တစ်ဦးဖြစ်နေကြောင်း သိရသည်။ လာမည့် BIMSTEC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး အတွင်း Digital Payment စနစ်၊ ကုန်သွယ်ရေးငွေကြေးပေးချေမှု၊ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံဖြတ်ကျော်မူခင်းကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Grand International 2023 ပြိုင်ပွဲအတွက် ဗီယက်နမ်နိုင်ငံကို ထွက်ခွာပြီဖြစ်တဲ့ နီနီလင်းအိမ်
Next post Peacemaker Season 2 အတွက် ဇာတ်လမ်းရေးသားနေပြီ ဖြစ်