မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၂ အသင်း၊ အမျိုးသား ယူ-၁၉ အသင်းများအတွက် နည်းပြသစ်များ ခန့်အပ်
ဖေဖော်ဝါရီလ ၅ရက်နေ့
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၂ အသင်းနှင့် အမျိုးသား ယူ-၁၉ အသင်းအတွက် နည်းပြသစ်များကို ဖေဖော်ဝါရီလ ၄ ရက်က တရားဝင်ခန့်အပ်ခဲ့သည်။
မြန်မာ့ လက်ရွေးစင် အမျိုးသား ယူ-၂၂ ဘောလုံးအသင်း နည်းပြချုပ်အဖြစ် အသက် ၅၆ နှစ်အရွယ် ဂျပန်လူမျိုး မစ္စတာ Hisashi kurosaki အား (၁)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သည်။ Hisashi kurosaki သည် ၁၉၈၉မှ ၁၉၉၇ အထိ ဂျပန်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး UEFA Pro လိုင်စင်နှင့် JFA Coach (Level S) လိုင်စင်ရ နည်းပြတစ်ဦး ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ကာရှီးမား အန်တလာ အသင်းတွင် ၁၄၄ ပွဲကစားကာ ၄၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး အခြားသော ဂျေလိဂ်အသင်းများတွင်လည်း ကစားခဲ့သည်။ နည်းပြဘဝတွင် ဂျေလိဂ်ကလပ် Albirex Niigata အသင်း၊ တရုတ်စူပါလိဂ်ကလပ် Qingdao West Coast စသည့် အသင်းများအပြင် ဂျပန်ကလပ် ကာရှီးမားအန်းတလားစ် အသင်းတွင်လည်း အကယ်ဒမီ၊ လူငယ်အသင်းများ၊ စီနီယာ အသင်းများကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့သူဖြစ်သည်။ Hisashi kurosaki အနေဖြင့် ၂၀၂၅ ဆီးဂိမ်းစ်၊ အာဆီယံ ယူ၂၂ ချန်ပီယံရှစ်၊ AFC U23 ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်း နည်းပြချုပ်အဖြစ် အသက် ၄၆ နှစ်အရွယ် မစ္စတာ Ryuji sueoka အား(၂)နှစ် စာချုပ်ဖြင့် ခန့်အပ်ခြင်းဖြစ်သည်။ Ryuji sueoka သည် ကစားသမားဘဝတွင် စင်ကာပူ၊ ထိုင်းစသည့် အရှေ့တောင်အာရှကလပ်များနှင့် အိန္ဒိယ ကလပ်အသင်းများတွင် ကွင်းလယ်နှင့် တိုက်စစ်မှူးအဖြစ် ကစားခဲ့သူဖြစ်ပြီး UEFA Pro လိုင်စင်ရ နည်းပြတစ်ဦးလည်း ဖြစ်သည်။ Ryuji sueoka သည် မြန်မာ ယူ၁၉ အသင်းအား အာရှ ယူ၂၀၊ အာဆီယံ ယူ၁၉ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရန် နည်းပြချုပ်အဖြစ် ဦးဆောင်ရမည် ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်းကိုလည်း Hisashi kurosaki ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။ #အမျိုးသား ယူ-၂၂ #အမျိုးသား ယူ – ၁၉ #DBN news