ကာကွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဆေးဝါး၊ စက်မှုကဏ္ဍ တို့တွင် ပူပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နစက ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထို့သို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရေးနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ထို့ပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။