ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်းမှ အကြမ်းဖက်သမား များ သိုဝှက်ထားသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာအနီး၌ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိကြောင်းနှင့် ၎င်းတို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ သိုဝှက်ထားရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ပိုင်းတွင် ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦအတွင်းမှ Super Custom မော်တော်ယာဉ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၃ စီးတို့နှင့်အတူ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်လုပ် သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ လက်လုပ်မိုင်း ၉ လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ အပ်နှံသွား မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရွှေဘိုမြို့နယ် အတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “သဘင်စတား” ပြိုင်ပွဲကို မကြာခင် ပြုလုပ်မည်
Next post မြဝတီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးများအတွက် ထောက်ပံ့ကြေး ပေးအပ်