လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား
နိုင်ငံတော်တွင် လက်နက်ကိုင်ပဋိပက္ခသည် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေသေးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဒါကို ပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့ လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေဖြင့် ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားကြောင်း ပြောဆိုနေကြ သော်လည်း လက်တွေ့တွင်မူ ကိုယ်ကျိုးအတ္တကို အခြေခံသည့် လိုအင်ဆန္ဒသက်သက်ဖြင့် လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အလားတူ တချို့တိုင်းရင်းသား ခေါင်းဆောင်များသည် ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးဟု ဆိုသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စု ပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့နေရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
“ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက် ပွဲကြီးကို အောင်မြင်စွာကျင်းပပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ပေးမည်လည်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
“ဒါကြောင့် ကျွန်တော်တို့ပြည်သူများက ၂၀၂၄ ခုနှစ်မှာ ပြသနိုင်ခဲ့ကြတဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များကို အခြေခံပြီး စည်းလုံးညီညွတ်စွာနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပန်ကြားလိုပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပြည်သူများရဲ့ အောင်ပွဲအဖြစ် နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းပြီး သက်သေပြကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့သို့ပြောကြားမှုများအပြင် မြန်မာနိုင်ငံသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး တစ်ဦးပေါ်တစ်ဦး အပြန်အလှန် မေတ္တာထားပြီး နိုင်ငံနှင့်လူမျိုး ကောင်းကျိုးကို ဖော်ဆောင်နိုင်ကြသူများ ဖြစ်ပါစေကြောင်းလည်း နစက ဥက္ကဋ္ဌက နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းခဲ့သည်။