(၇၇)နှစ်​မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်နှင့် ရဟတ်ယာဉ်များ တပ်တော်ဝင်

(၇၇)နှစ်​မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အခမ်းအနားအား ဒီဇင်ဘာ ၁၅ ရက်တွင်  မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များလည်း တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊လေတပ်စခန်းဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနား၌ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပြီး ယခုကဲ့သို့ မင်္ဂလာရှိသည့်နေ့တွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်များထမ်းဆောင်ရာ၌ တပ်မတော်(လေ)၏စွမ်းရည် မြင့်မား တိုးတက်ရေးအတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော် (လေ) အတွက် ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့လည်း ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်(လေ) လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားများ ၁၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် လေယာဉ်၊ ရဟတ်ယာဉ်များကို တပ်တော်ဝင်ခြင်း ဆောင်ရွက်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လေယာဉ် ရဟတ်ယာဉ်များ တိုးတက် ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော်(လေ)၏ စစ်ဆင်ရေးနှင့်အခြားပျံသန်းရေး တာဝန်များ ထမ်းဆောင်ရာတွင် အဓိကအရေးပါသည့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်လည်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက် ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော်(လေ)အဖြစ် အစဥ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ် တည်ဆောက်သွားကြရန်လည်း နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာခဲ့သည်။

ထို့နောက် နစက ဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်ခဲ့သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြ ပျံသန်းခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ငှက်အကောင်ရေ (၇၇)ကောင်တို့အား ဘေးမဲ့လွှတ်ပေးကြပြီးနောက် တပ်တော်ဝင် လေယာဉ်၊ ရဟတ်ယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကြောင်း သိရသည်။

လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် ပါဝင်ပျံသန်းခဲ့သည့် MTX-1A နှင့် MTX-1B လေယာဉ်များသည် တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များကိုယ်တိုင် စမ်းသပ်တီထွင်ထုတ်လုပ်ထားသော ကင်းထောက်လေယာဉ် အမျိုးအစားဖြစ်ကြောင်း၊ Reverse Engineering နည်းလမ်းဖြင့် လေယာဉ်ထုတ်လုပ်မှု နည်းပညာနှင့် အတွေ့အကြုံများရရှိရန်ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး MTX-1A လေယာဥ်အား Cockpit Flight Display System၊ Communication & Navigation System တို့ကို Design ထုတ်လုပ်၍ System Integration ပြုလုပ်တပ်ဆင်ကာ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

MTX-1A လေယာဉ်ထုတ်လုပ်မှုအတွေ့အကြုံများကို အခြေခံ၍ ပိုမိုခေတ်မီ အဆင့်မြင့်သည့် MTX-1B လေယာဉ်အား တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များက အဆင့်မြင့် Cockpit Display များ၊ ဆက်သွယ်ရေးစနစ်များနှင့် ကိုယ်ထည်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ကာ ထပ်မံဆန်းသစ်တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်ထုတ်လုပ်မှု ရည်ရွယ်ချက်များအတိုင်း လေယာဉ်ကိုယ်ထည်ပိုင်း၊ လျှပ်စစ်နှင့် အင်ဂျင်အပိုင်း၊ လေကြောင်းလမ်းပြစနစ်၊ ဆက်သွယ်မှုစနစ်များနှင့် မောင်းနှင်ထိန်းသိမ်းမှုပြသသည့်စနစ်များအား ဒီဇိုင်းရေးဆွဲထုတ်လုပ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရည်အသွေးစစ်ဆေးခြင်းနှင့် Functional and Operational Test လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Turboprop အင်ဂျင်နှင့် Glass Cockpit System တို့ တပ်ဆင်ထားသည့် MTX-1B လေယာဉ်အား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် MTX-1B လေယာဉ်အား ၂၀၂၄ ခုနှစ် မတ်လတွင် စမ်းသပ်ပျံသန်းခြင်းများကို အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၁၂-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၇-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်