၂၀၂၃-၂၄ ရာသီတွင် မန်စီးတီးအသင်း စံချိန်တင်ဝင်ငွေ ပေါင် ၇၁၅ သန်းရရှိခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်များအနက် တန်ဖိုးအမြင့်ဆုံးအမှတ်တံဆိပ်အဖြစ် ဆက်လက်ရပ်တည်နေ
ဒီဇင်ဘာလ ၁၆ ရက်နေ့
ပရီးမီးယားလိဂ်ချန်ပီယံဆုကို လေးနှစ်ဆက်တိုက်ရရှိခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် စံချိန်တင်ဝင်ငွေ ပေါင် ၇၁၅ သန်းရရှိခဲ့ကြောင်း မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့သည်။
၂၀၂၃-၂၄ ရာသီအတွက် အစီရင်ခံစာကို မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့ပြီး ဝင်ငွေစုစုပေါင်း ပေါင် ၇၁၅ သန်းရရှိကာ ၂၀၂၂-၂၀၂၃ ရာသီတွင် စံချိန်တင်ခဲ့သည့် ပေါင် ၇၁၂ ဒသမ ၈ သန်းထက် ပေါင် ၂ ဒသမ ၂ သန်း ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ မန်စီးတီးအသင်း သည် COVID-19 ကပ်ရောဂါဖြစ်ပွားသည့် ၂၀၁၉-၂၀၂၀ ရာသီမှလွဲ၍ နှစ်စဉ်ဝင်ငွေ မြင့်တက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ရာသီတွင် ပေါင် ၅၆၉ ဒသမ ၈ သန်းနှင့် ၂၀၂၁-၂၀၂၂ ရာသီတွင် ပေါင် ၆၁၃ သန်း ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၄ ရာသီတွင် စီးပွားရေး စာချုပ်များမှ ပေါင် ၃၄၄ ဒသမ ၇ သန်းဖြင့် ဝင်ငွေအများဆုံးရရှိခဲ့ပြီး ၂၀၂၂-၂၃ ရာသီထက် ပေါင် ၃ ဒသမ ၃ သန်း မြင့်တက်လာသည်။ ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမှာမူ ပေါင် ၂၉၄ ဒသမ ၇ သန်းရရှိခဲ့သော်လည်း ၂၀၂၂- ၂၃ ရာသီထက် ပေါင် ၄ ဒသမ ၇ သန်း လျော့ကျသွားသည်။ ကွင်းဝင်ကြေးမှ ပေါင် ၇၅ ဒသမ ၆ သန်းရရှိပြီး ၂၀၂၂-၂၀၂၃ ရာသီထက် ပေါင် ၃ ဒသမ ၇ သန်း မြင့်တက်လာသည်။
ထို့ပြင် ကစားသမားရောင်းချမှုမှ အမြတ် ပေါင် ၁၃၉ သန်းရရှိခဲ့သလို လစာပေးချေမှုအသုံးစရိတ်ကိုလည်း ၂၀၂၂-၂၀၂၃ ရာသီထက် ပေါင် ၁၀ ဒသမ ၃ သန်းလျှော့ချ၍ ပေါင် ၄၁၂ ဒသမ ၆ သန်းသာ အသုံးပြုခဲ့သည်။ မန်စီးတီးအသင်းသည် ၂၀၂၃-၂၄ ရာသီအတွက် အခွန်မဆောင်မီ ပေါင် ၇၃ ဒသမ ၈ သန်း အမြတ်ရရှိထားပြီး ၂၀၂၂- ၂၃ ရာသီတွင်ရရှိခဲ့သည့် ပေါင် ၈၀ ဒသမ ၄ သန်းထက် လျော့ကျသွားသော်လည်း ၂၀၁၄-၂၅ ရာသီမှစ၍ (၂၀၁၉-၂၀ ရာသီမပါ) နှစ်စဉ်အမြတ်ငွေရရှိထားခြင်း ဖြစ်သည်။
ထို့ပြင် Brand Finance Football 50 အစီရင်ခံစာအရ မန်စီးတီးအသင်း၏ အမှတ်တံဆိပ်တန်ဖိုးမှာ ယူရို ၁ ဒသမ ၆၁ ဘီလျံရှိပြီး ပရီးမီးယားလိဂ်ကလပ်များအနက် တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ မန်စီးတီး အသင်း၏ အမှတ်တံဆိပ်တန်ဖိုးမှာ ၂၀၂၂- ၂၀၂၃ ရာသီထက် ခုနစ်ရာခိုင်နှုန်းမြင့်တက်လာကြောင်း အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။
မန်စီးတီးအသင်း၏နောက်တွင် သုံးရာခိုင်နှုန်းမြင့်တက်လာသည့် မန်ယူ အသင်းက ယူရို ၁ ဒသမ ၄ ဘီလျံဖြင့် ဒုတိယ၊ နှစ်ရာခိုင်နှုန်းမြင့်တက်လာသည့် လီဗာပူးလ်အသင်းက ယူရို ၁ ဒသမ ၄ ဘီလျံဖြင့် တတိယ၊ ၁၀ ရာခိုင်နှုန်းမြင့်တက်လာသည့် အာဆင် နယ်အသင်းက ယူရိုတစ်ဘီလျံဖြင့် စတုတ္ထ၊ သုံးရာခိုင်နှုန်းလျော့ကျသွားသည့် စပါး အသင်းက ယူရိုသန်း ၉၀၀ ဖြင့် ပဥ္စမနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
#မန်စီးတီး #ပရီးမီးယားလိဂ်ချန်ပီယံဆု #DBN